အစိုးရ တပ်မတော် ခတ်ထားသည့် ခြံစည်းရိုးကို ဖျက်ဆီးသည်ဟု ဆိုကာ ရပ်ကျေး အုပ်ချုပ်ရေးမှူးနှင့် တောင်သူတို့ကို တပ်က စွပ်စွဲပြီး အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။
လွန်ခဲ့သည့် မတ် ၆ ရက်က သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျော်ကျေးရွာအုပ်စု ကောင်တရွိုးရွာ လမ်းကို အစိုးရ တပ်က ခြံစည်းရိုးလာခတ်သဖြင့် ကျေးရွာခံပြည်သူများ သွားလာရခက်ခဲမှု ရင်ဆိုင်ခဲ့ရသည်။
ထိုခြံစည်းရိုးခတ်သည့် ကိစ္စနှင့် ပတ်သက်ပြီး မတ် ၉ ရက်နေ့တွင် နောင်ကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ပင်စုံ အုပ်ချုပ်ရေးမှူး၊ မြကန်သာ အုပ်ချုပ်ရေးမှူး၊ အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး ၄ ဦး တို့ သွားရောက်ကြည့်ရှုခဲ့သည်။
“ရွာသားတွေ အသုံးပြုနေတဲ့ လမ်းကို တပ်က ခြံစည်းရိုး လာခတ်တယ်။ ကျနော်တို့ သွားကြည့်တုန်းက ခြေမြန်တပ်ရင်း ခမရ ၄၂၃ နဲ့ ခမရ ၄၂၄ က ဗိုလ်မှူးအဆင့်ရှိသူတွေ လာပါတယ်။ သူတို့ကတော့ တိုင်းမှူးက လုပ်ခိုင်းတာလို့ ပြောပါတယ်” ဟု အမှုဖွင့်ခံထားရသည့် အောင်ချမ်းသာအုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ယင်းနေရာမှာ ၁၉၉၆ ခုနှစ်က အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၁) စစ်ဗျူဟာက သိမ်းဆည်းထားသည့် နေရာဖြစ်ပြီး ဆီဆိုင်မြို့ အခြေစိုက် ခမရ ၄၂၃ တပ်ရင်းက ခြံစည်းရိုးခတ်ထားခြင်းဖြစ်ကြောင်း၊ ခမရ ၄၂၄ က အောင်ချမ်းသာအုပ်ချုပ်ရေးမှူးနှင့် တောင်သူ တစ်ဦးကို အမှု ဖွင့်ထားခြင်း ဖြစ်ကြောင်းသိရသည်။
“ရွာသားတွေက ၁၀ ပေလောက် သွားလာလို့ ရအောင် ခြံစည်းရိုး ခတ်ထားတာကို ဖယ်လိုက်တာပါ။ ဖျက်ဆီးတာလည်း မဟုတ်ဘူး။ ဖယ်ထားတဲ့ သစ်တွေတောင် ပုံပေးထားသေးတယ်” ဟု ဦးစံဝင်းမောင်က ပြောသည်။
လက်ရှိ ခမရ ၄၂၄ မှ ဗိုလ်မှူး နိုင်ကျော်ဇင် အမှုဖွင့်ထားသည့် ပုဒ်မများမှာ ပုဒ်မ ၃၅၃(တာဝန် ဝတ္တရား နှောင့်ယှက်မှု) ၊ ပုဒ်မ ၄၂၉ (ဆဲဆိုမှု) ၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု )တို့ ဖြစ်ကြောင်းသိရသည်။
“ပုဒ်မ ၂ခုက ရဲအရေးပိုင်မှုတွေပါ။ နောက်တစ်ခုက ဆဲဆိုရမယ့်သူ ဘေးနားတစ်ယောက်မှ မရှိဘူး။ ရွာသားတွေက ဘယ်သူ့ကို ဆဲရမှာလဲ” ဟု ဦးစံဝင်းမောင်က ပြောသည်။
ခမရ ၄၂၄ စွဲဆိုထားသည့် အမှုကို အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်နှင့် တောင်သူအရေး ဆောင်ရွက်သူ ဒေါ်ချိုချိုဝင်းတို့ထံ ဆီဆိုင်ရဲစခန်းမှ မတ် ၁၃ရက်နေ့တွင် အကြောင်းကြားခဲ့ကြောင်း သိရသည်။
“ကျမကို ၁၄ ရက် မနက် ၉ နာရီမှာ ရဲစခန်းက ဖုန်းဆက်ခေါ်တယ်။ တပ်က အမှုဖွင့်ထားတယ်ဆိုတာ ပြောလာတယ်။ နောက် အဲဒီနေ့ တပ်က ခြံစည်းရိုးခတ်တာ သွားကြည့်တယ်။ရွာသားတွေ အကူအညီပေးရအောင် သွားတယ်။ ဘာကြောင့် တရားစွဲလဲဆိုတာ မသိဘူး” ဟု ဒေါ်ချိုချိုဝင်းက ပြောပြသည်။
ပုဒ်မ ၃ခု ဖြင့် အမှုဖွင့်ထားသည့်အပေါ် ဆက်လက်ပြီး အမှုရင်ဆိုင်သွားမည်ဟုလည်း ဒေါ်ချိုချိုဝင်းက ပြောသည်။။
ဆက်လက်ပြီး ဦးစံဝင်းမောင်က “ ကျနော်တို့ ဘာမှ မမှားဘူး။ ဘယ်သူနဲ့ မှလည်း ညှိစရာ မလိုဘူး။ တရားရုံးမှာ အမှန်ပဲ ပြောပြီး ရင်ဆိုင်မယ်” ဟု ဖြည့်စွက်ပြောသည်။
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် အမှတ်(၁) သည် ၁၉၉၆ ခုနစ်တွင် တောင်သူများပိုင်ဆိုင်သည့် မြေယာများကို သိမ်းဆည်းထားပြီး လက်ရှိ အချိန်ထိ စီမံကိန်း တစ်စုံတစ်ရာမျှ ဖော်ဆောင်ခြင်းမရှိကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။
“တာဝန်အရ သွားတဲ့ အုပ်ချုပ်ရေးမှူးကို ဒီလို တရားစွဲဆိုနေရင် သာမန်ပြည်သူဆိုရင် ဘယ်လောက်ထိအောင် ဆက်လက်ပြီး မတရားမှုတွေ ဖြစ်နေလဲ” ဟု ဦးစံဝင်းမောင် က ထပ်လောင်းပြောဆိုလိုက်သည်။







