လူစုလူဝေး ပြုလုပ်သည့်ကိစ္စနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)၌ မတ်လ၁၂ ရက်က ကျင်းပသည့် (၁၈)ကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC အစည်းအဝေးတွင် UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မူဘောင်ပြင်ဆင်မှုကို အခြေခံပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက် လုပ်ဆောင်သွားရန် ရှိနေသဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်တိုက် ဖြစ်ပေါ်လာတော့မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ WHO (ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း)ကလည်း COVID 19 နဲ့ ပတ်သက်ပြီး Pandemic (ကမ္ဘာအနှံ့ ဖြစ်ပွားသောရောဂါ) လို့ ကြေညာလိုက်ပါပြီ။ အဲဒီတော့ ကျမက ဒီ နိုင်ငံရေး ဆက်စပ်ပြီး ပြောရမယ်ဆိုရင် လူစုလူဝေးလုပ်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ရမှာ ဖြစ်ပါတယ်” ဟု အစည်းအဝေးမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။
ထို အစည်းအဝေးကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယခုရက်ပိုင်းအတွင်း သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နှင့် ရွှေဘိုမြို့များတွင် လူထု တွေဆုံပွဲများ ပြုလုပ်ခဲ့သည်။







