လွိုင်တောင်းတွင် စခန်းဆောက်ရန် တပ်က လူထုကို သစ်၊ ဝါး ဆင့်ဆို

လွိုင်တောင်းတွင် စခန်းဆောက်ရန် တပ်က လူထုကို သစ်၊ ဝါး ဆင့်ဆို

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် လွိုင်တောင်းတောင်ကြောတွင် တပ်စခန်းဆောက်လုပ်မည့်ကိစ္စအတွက် သစ်များ၊ ဝါးများပို့ပေးရန် အစိုးရ တပ်မတော်က ဒေသခံရွာသားများထံ ဆင့်ဆိုထားကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၇ မှ စတင်ကာ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် အစိုးရ တပ်မတော်တို့ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စု  RCSS/SSA စခန်းရှိရာ လွိုင်တွန်းတောင်ကြောတလျှောက် တိုက်ပွဲဖြစ်ပွါးခဲ့သည်။ ထိုတိုက်ပွဲကြောင့် RCSS/SSA တပ်စခန်းမှ ဆုတ်ခွါပေးခဲ့ရပြီး လက်ရှိအချိန်တွင် အဆိုပါတပ်စခန်း၌ အစိုးရ တပ်မတော် စခန်းချထားကြောင်းသိရသည်။

ထို လွိုင်တောင်းတပ်စခန်းကို ပြန်လည်ပြုပြင်ရန်  ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းညောင် ဖာဆားကျေးရွာဒေသခံများနှင့် ဟိုခဲဒေသခံများကို သစ်များ ဝါးများခုတ်ပြီး ပို့ပေးရန် ဆင့်ဆိုညွှန်ကြားထားကြောင်း ဒေသခံများ ပြောပြ ချက်အရသိရသည်။

“ အဲဒီတပ်စခန်းက ဟိုခဲ ကျေးရွာနဲ့ နီးတယ်။ သစ်ပင်ခုတ်ပြီး လွိုင်တွန်းတောင်ပေါ်လာပို့ဖို့ ဆင့်လာတယ်။ ဘယ်လောက်ဆိုတာကတော့ကျနော်သေချာမသိဘူး” ဟု ဟမ်းငိုင်းကျေးရွာဒေသခံ စိုင်းမု က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သစ်များဝါးများပို့ပေးရန် လွန်ခဲ့သည့် ၃ ရက်က ဟိုခဲရွာသားများထံ ဆင့်ဆိုလာကြောင်း စိုင်းမု က ဆိုသည်။

ဆက်လက်ပြီး ကုန်းညောင်ဖာဆားရွာမှ အသက် ၄၀ ကျော် စိုင်းဝမ်း က “ ကျနော်တို့ ရွာကိုလည်း သစ်ပင်ခုတ်ပြီး လာပို့ဖို့ တောင်းတယ်။ ကျနော်တို့ ရွာက အခု အခြေအနေ သိပ်မကောင်းတော့ မပေးနိုင်ဘူးလို့ ပြန်အကြောင်းကြားထားတယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိ အစိုးရ တပ်မတော် အနေဖြင့် လွိုင်တောင်း တောင်ပေါ် စခန်း ပြုလုပ်ရန် သစ်အလုံးပေါင်း ၁ ထောင်ကျော် လိုအပ်နေကြောင်း လွိုင်တွန်းနှင့် နီးသည့် ကျေးရွာများအားလုံး က ခုတ်ပြီး သွားပို့ရမည် ဟု ဆင့်ဆိုခံရကြောင်း စိုင်းဝမ်းက ပြောပြသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်တို့သည် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း အစိုးရ တပ်မတော် ၏ စစ်ကြောင်းများသည် ယနေ့ အချိန်ထိ ကျေးရွာထဲတွင် လှုပ်ရှားနေဆဲဟု ဒေသခံများက ပြောသည်။

“စစ်သားတွေကတော့ ရွာထဲ ဝင်လိုက်ထွက်လိုက်ပါပဲ။သိပ်တော့ စိတ်မချရသေးဘူး။ နေ့တိုင်း အဲဒီ တောင်ပေါ်ကနေ ဆင်းလာတယ်” ဟု စိုင်းဝမ်းက ဆိုသည်။

တိုက်ပွဲကြောင့် နေအိမ်များ လက်နက်ထိမှန်ခြင်း၊ အစိုးရ တပ်မတော် မှ စစ်သားများ ခိုးယူစားသောက်သည့် ပစ္စည်းများ။ အိမ်တွင်းပစ္စည်းများကို သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များက စာရင်းလာကောက်ယူကြကြောင်းသိရသည်။

ထို့အပြင် သက်ဆိုင်ရာ လူမှု ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး အဖွဲ့မှလည်း ကျေးရွာအတွင်းတွင် ကျား၊ မဦးရေ စာရင်း၊ ကျောင်းသားဦးရေ စာရင်းများကို လာရောက် ကောက်ယူသေးကြောင်း ဒေသခံများက ပြောသည်။

Most read this week

April 29, 2024
အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ...
April 23, 2024
စစ်ပွဲဇုန်းအတွင်း ကျရောက်နေသည့် ဆီဆိုင်မြို့ထဲသို့ စစ်ဘေးရှောင်များကို စစ်ကောင်စီက...
April 22, 2024
ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂...
April 22, 2024
သျှမ်းပြည် မူဆယ်မြို့တွင် UID ခေါ် စမတ်ကတ်များ ပြုလုပ်ရန် ဒေသခံပြည်သူ ထောင်နှင့်ချီ...