ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံအတွက်အမီ သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ND) ကျင်းပရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS /သျှမ်းပြည် တပ်မတော် SSA အနေဖြင့် စီစဉ်လျက်ရှိသော်လည်း အခြေအနေအရပ်ရပ်ကြောင့် ကျင်းပမည့် နေ့ရက်ကိုမူ အတည်မပြုနိုင်သေးကြောင်း RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ စတုတ္ထအကြိမ်ကို ၂၀၂၀ ပြည့်နှစ် ပထမလေးလပတ်အတွင်း ကျင်းပရန် အစိုးရက စီစဉ်ထားရာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် RCSS/SSA အနေဖြင့် သျှမ်းNDကို မတ်လအတွင်း ကျင်းပရန် စီစဉ်ထားသည်။
RCSS/SSA မှ ဗိုလ်မှူးကြီးအုမ်ခေးက “ဘယ်နေ့ ကျင်းပမလဲ ဆိုတာလည်း အသေအချာ မသိရသေးဘူး။ လုပ်ဖြစ်မလား၊ မလုပ်ဖြစ်ဘူးလား ဆိုတာလည်း မပြောတတ်သေးဘူး။ ခုက အခြေအနေအရပ်ရပ်ကို စောင့်ကြည့်နေရတယ်။ ခု ဖြစ်နေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကိစ္စရော ၊ လက်ရှိ နိုင်ငံရေးကိစ္စတွေရောပဲ။ အဖက်ဖက်ကနေ ဆွေးနွေးနေရတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။
မည်သို့ပင်ဆိုစေ သျှမ်း ND ဖြစ်မြောက်မှုသည် RCSS နှင့် တပ်တို့ကြား ဆွေးနွေးမှု၊ အစိုးရနှင့် တပ်မတော်ကြား အဆင်ပြေမှုအပေါ်သာ မူတည်ကြောင်း ပါ၀င်သည့် အရာရှိတစ်ဦးက“မကြာခင်ရက်ပိုင်းအတွင်း တပ်မတော်နဲ့ RCSS တွေ့ဆုံဆွေးနွေးမယ်။ အဲဒါကို စောင့်ကြည့်ရမယ် ”ဟု ပြောသည်။
ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉) ကြောင့် ရိုးရာပွဲလမ်းသဘင်နှင့် လူစုလူဝေး မပြုလုပ်ရန် သျှမ်းပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။ ထို့အပြင် အစိုးရတပ်မတော်နှင့် RCSS ကြား ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂၉ ရက်နေ့အထိ တိုက်ပွဲကြောင့်လည်း နှစ်ဘက် စစ်ရေးတင်းမာမှု မတ်လ ဒုတိယပတ်ထိ မပြီးပြတ်သေးပေ။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရ စိုင်းလိတ်က“အခုအချိန်မှာ ကျနော်တို့ ဆန္ဒစောပြီးတော့ သျှမ်း ND ကို ကျင်းပခဲ့မယ်ဆိုရင် တကယ်လို့ ပွဲတက်တဲ့သူတွေ ကိုရိုနာဖြစ်လာခဲ့ရင် လူတွေ ပြောစရာ ဖြစ်ပါလိမ့်မယ်။ ကိုရိုနာ ကူးစက်မြန်ရောဂါ ကြောင့် တစ်ကမ္ဘာလုံး လူစုလူဝေး မရှိစေဖို့ တိုက်တွန်းနေချိန်မှာ ကျနော်တို့လည်း သျှမ်း ND ကို ခဏတော့ ဆိုင်းငံ့ထားသင့်တယ်၊ သို့မဟုတ် ရက် ရွှေ့ဆိုင်းထားသင့်တယ် ဆိုတဲ့အကြောင်း RCSS ကိုတိုက်တွန်းချင်ပါတယ်”ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အတွင်းရေးမှူးများအဖွဲ့လည်း ၂၁ ရာစုပင်လုံညီလာခံ စတုတ္ထအကြိမ် ကျင်းပနိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။
သျှမ်း ND ကို ကျင်းပရန် ၂၀၁၈ ကလည်း တစ်ကြိမ် စီစဉ်ခဲ့သေးသည်။ ထိုစဉ်က အဆိုပါဆွေးနွေးပွဲ ကျင်းပနိုင်ရန် လူမှုအခြေပြု သျှမ်းအဖွဲ့အစည်းများက ဒေသခံလူထုနှင့် ကွင်းဆင်းတွေ့ဆုံစဉ် အစိုးရ တပ်မတော်ဘက်က ဟန့်တားသဖြင့် တွေ့ဆုံပွဲများ ပျက်ပြားကာ သျှမ်း ND ကျင်းပရန်ပါ ပျက်ပြားခဲ့ရသည်။







