သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုမှ စစ်ဘေးရှောင်နေသည့် ဒေသခံများ၏ နေအိမ်နှင့် ဈေးဆိုင်များ ဆက်လက် ဖျက်ဆီးမွှေနှောက်ခံနေရကြောင်း သတင်းရရှိသည်။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ကာ ဒေသခံများ နီးစပ်ရာ ဘုန်းကြီးကျောင်းများ၊ ဆွေမျိုးအိမ်များသို့ သွားရောက် တိမ်းရှောင်နေရသည်။
စစ်ရှောင်များ နေရပ်မပြန်နိုင်ကြသေးမီ အစိုးရ တပ်မတော်၏ စစ်ကြောင်းများသည် ဟမ်းငိုင်းကျေးရွာအနောက်ဘက် ဟိုဖိုင်ကျေးရွာရှိ နေအိမ်များ၊ ဈေးဆိုင်များကို မတ်လ ၃ ရက်တွင် ဝင်ရောက်မွှေနှောက်မှု ထပ်မံ ပြုလုပ်ခဲ့သည်ဟု မျက်မြင်ကြုံရသည့် ရွာသားများက ပြောကြောင်း မိုင်းကိုင် မဲဆန္ဒနယ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ဒီမနက် (မတ်လ ၃ ရက်) ဟိုဖိုင်ကျေးရွာက ဈေးဆိုင်ပိုင်ရှင် ဖုန်းဆက်လာတယ်။ သူ့ဆိုင်တွေကို ဝင်မွှေပြီး ပစ္စည်းတွေ ယူသွားတယ်။ တန်ဖိုးငွေကတော့ များတယ်လို့ ပြောတယ်။ ဘယ်လောက်လဲဆိုတာ မသိရသေးဘူး။ အိမ်တွေကိုလည်း ဖျက်ဆီးထားတယ်။ အတိအကျတော့ စာရင်း မသိရသေးဘူး”ဟု ဦးစိုင်းလုံက ဆိုသည်။

Photos by ကုန်းညောင် ဖာဆား ကျေးရွာ ဒေသခံ တစ်ဦး
အဆိုပါစစ်ကြောင်းသည် နေ့လည်ခင်းအချိန် ကျေးရွာအတွင်း တပ်စခန်း ချပြီး ဈေးဆိုင်များ၊ နေအိမ်များ၏ ပစ္စည်းများကို ဝင်ရောက် မွှေနှောက်ကြောင်း ၊ ညအချိန် တောပိုင်းသို့ ပြန်သွားကြကြောင်း နေရပ်ပြန် အခြေအနေကြည့်ခဲ့သည့် ရွာသားများ ပြောပြချက်အရ သိရသည်။
“ဟိုဖိုင်ကျေးရွာထဲက လူနေအိမ်ဆိုရင် တော်တော်များများ ပျက်စီးနေပြီ” ဟု ဦးစိုင်းလုံက ထပ်လောင်းပြောပြသည်။
ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းညောင် ဖာဆား ကျေးရွာတွင်လည်း မတ် ၂ ရက်မှစတင်ကာ အစိုးရ စစ်သားများက စစ်ရှောင် နေအိမ်များကို ဝင်ရောက် မွှေနှောက်သည်မှာ ယနေ့ထိတိုင်ဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ မတ် ၂ ရက် က အိမ် ၄ အိမ်ပဲ သူတို့ ဝင်မွှေတာ။ မနေ့က (မတ် ၃ ရက်)မှာ အိမ် ရော ဆိုင်တွေရော တော်တော်များများ ဝင်မွှေတာ တွေ့ရတယ်။ တွေ့တာ အကုန်ယူတာ။ မွှေထားတာလည်း တော်တော် ဆိုးတယ်” ဟု ကုန်းညောင် ဖာဆာ ကျေးရွာမှ အသက် ၄၀ ကျော် စိုင်းမုက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ကုန်းညောင် ဖာဆားကျေးရွာမှ စစ်ရှောင် ရွာသား အမျိုးသားအချို့ နေ့ခင်းအချိန် နေရပ်ပြန်ပြီး ကျန်ခဲ့သည့် ဝက်များ၊ နွားများကို အစာသွားကျွေးစဉ် မြင်ခဲ့ရကြောင်း ဘုန်းကြီးကျောင်းသို့ ပြန်ရောက်လာသည့် အဆိုပါရွာသားများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ ကျနော်တို့ ရွာသား ၁၀ ယောက် ရွာပြန်ပြီး ဝက်တွေ၊နွားတွေကို အစာကျွေးကြတယ်။ အဲမှာ စစ်သားတွေ တွေ့တော့ လှမ်းခေါ်တာ ။ ကျနော်တို့ မရပ်လို့ သေနတ်နဲ့ လိုက်ပစ်တယ်။ တော်သေးတယ်၊ လူမထိလို့ ” ဟု ထွက်ပြေး လွတ်မြောက်လာသူ တစ်ဦးက ထပ်လောင်းပြောပြသည်။
ထိုနည်းတူ ရွာထဲရှိ ဝက်၊ နွား၊ ကျွဲ များကို အစာ ပြန်သွားကျွေးသည့် အမျိုးသား ၂ ဦးကို အစိုးရ စစ်သားများက တစ်ရက် ချုပ်နှောင်ထားခဲ့ကြောင်းလည်း ကုန်းညောင် ဖာဆာ ကျေးရွာဒေသခံ စိုင်းမုက ပြောသည်။
“ ရိုက်တော့ မရိုက်ဘူးတဲ့။ မနေ့က တစ်ညလုံးချုပ်ထားပြီး ဒီမနက်မှ ပြန်လွတ်လာတာ” ဟု စိုင်းမုက ဆိုသည်။
RCSS/SSA နှင့် အစိုးရ တပ်မတော်မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုအတွင်း ဖေဖော်ဝါရီ ၂၇ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားကာ မတ်လ ၄ ရက်တိုင် စစ်ရေး တင်းမာနေဆဲ ဖြစ်ပါသည်။
ထို တိုက်ပွဲကြောင့် ဟမ်းငိုင်းကျေးရွာအုပ်စု လွိုင်စက် ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၃၀၀ ကျော်၊ ကုန်းစုံကျေးရွာ ဘုန်းကြီးကျောင်းတွင် ၂၀၀ ဝန်းကျင် တိမ်းရှောင် ခိုလှုံနေရသည်။ ၎င်းစစ်ဘေးရှောင်များသည် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်းရှိ ကုန်းညောင် ဖာဆား၊ ဖာပေါင်၊ ဟိုနောင်၊ နောင်အုနှင့် ဟိုဖိုင် ကျေးရွာများမှ ဒေသခံများ ဖြစ်ကြကြောင်း သိရသည်။







