မေလ ၂၃ ရက်နေ့က စစ်တွေမြို့ အထက ၂ တွင် ပြုလုပ်ခဲ့သော သွေးလွန်တုတ်ကွေးနှင့် ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲတွင် ဒေါ်ခင်ဆွေဝင်းက ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ်က ရခိုင်ပြည်နယ်တွင် သွေးလွန် တုတ်ကွေးရောဂါ ဖြစ်ပွားခဲ့သည့် ကလေး ၁၅၄၃ ယောက်ရှိပြီး ထိုအထဲတွင် ၁၀ သေဆုံးကြောင်း၊ ဂျပန်ဦးနှောက်အမှေးပါးရောင်ရောဂါ ဖြစ်ပွားခဲ့သည့် ကလေးငယ်မှာ ၅၀ ရှိခဲ့ပြီး ကလေးငယ် ၁၀ ဦးသေဆုံးခဲ့ကြောင်း သူမက ပြောဆိုသည်။
သို့အတွက် ရခိုင်ပြည်နယ်အတွင်း သွေးလွန်တုတ်ကွေးနှင့် ဂျပန် ဦးနှောက်ရောင်ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ များကို ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
သွေးလွန်တုတ်ကွေးနှင့် ဂျပန်ဦးနှောင်ရောင်ရောဂါ နှစ်မျိုးစလုံးသည် ခြင်မှတစ်ဆင့် ဖြစ်ပွားပြီး မိုးရာသီဖြစ်သော ဇွန်၊ ဇူလိုင်၊ သြဂုတ် လတို့တွင် အဓိကဖြစ်ပွားသည်ဟု သိရသည်။ ရောဂါ နှစ်မျိုးစလုံးအတွက် ကုသရန်ဆေးမရှိသေးကြောင်း၊ ကြိုတင်ကာကွယ်နည်းဖြင့်သာ လုပ်ဆောင်ရကြောင်း သိရသည်။

လွန်ခဲ့သောနှစ်က စစ်တွေခရိုင်နှင့် မြောက်ဦးခရိုင်ရှိ မြို့နယ် ၈ ခုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ယခုနှစ်တွင် ကြိုတင်ကာကွယ်သည့် အနေဖြင့် ဖြစ်ပွားခဲ့သည့်နေရာ၏ ၂ မိုင်ပတ်ဝန်းကျင်နေရာများရှိ ကလေးငယ် ၄၅၀၀၀ ဦးကို မေလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့ထိ ကာကွယ်ဆေးထိုးထားပြီဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ်အတွက် ဂျပန်ဦးနှောက်အမှေးပါးရောင် ကာကွယ်ဆေး ၆၀၀၀၀ သာ ၀ယ်ယူနိုင်ခဲ့သဖြင့် ရခိုင်တစ်ပြည်နယ်လုံးရှိ ကလေးသူငယ်များအတွက် ကာကွယ်ဆေးမထိုးနိုင်ဘဲ ဖြစ်ပွားသည့် နေရာများအတွက်သာ ထိုးပေးနိုင်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ်တွင် ဂျပန်ဦးနှောက်အမှေးပါးရောင်ရောဂါသည် မြန်မာနိုင်ငံ၌ ရခိုင်ပြည်နယ်တွင် အများဆုံးဖြစ်ပွားခဲ့ပြီး၊ ကချင်ပြည်နယ်တွင် ဒုတိယအများဆုံး ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယင်းသို့ကာကွယ်ဆေးထိုးပြီးပါက ရောက်ဂါကူးစက်ခံရစေကာမူ ဂျပန်ဦးနှောက် အမှေးပါးရောင် ရောဂါအဆင့်မဖြစ်ပဲ သာမန်အဖျား အဆင့်သာ ဖြစ်ပွားတော့မည်ဟု သိရသည်။
ဂျပန်ဦးနှောက်အမှေးပါးရောင် ရောဂါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းလုံးရှိ အာရှပစိဖိတ် ၂၄ နိုင်ငံတွင် ဖြစ်ပွား လျက်ရှိကြောင်း၊ တစ်နှစ်လျှင် လူပေါင်း ရ၀၀၀၀ ခန့်ဖြစ်ပွားလျက်ရှိကြောင်း၊ ထိုအထဲတွင် ကလေး ၂၄၀၀၀ ခန့်သေဆုံးခဲ့သဖြင့် ၃၀ ရာခိုင်နှုန်း သေဆုံးကြောင်း စစ်တွေခရိုင် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါ်ဝင်းဝင်းမာက ပြောသည်။
ရောဂါဖြစ်ပွားပြီး မသေဆုံးဘဲ ကျန်ရစ်သူ ၃၀ ရာခိုင်နှုန်းတွင်လည်း ကိုယ်ခန္ဓာ (သို့မဟုတ်) ဦးနှောက် မသန်မစွမ်း ဖြစ်ကျန်ရစ်ခဲ့ သည်ဟု ဆိုသည်။
အဆိုပါရောဂါပိုး ကူးစက်ပါက ကျန်းမာသန်စွမ်းသူများအနေဖြင့် ခုခံကာကွယ်နိုင်၍ စိုးရိမ်စရာမရှိကြောင်း၊ ခုခံနိုင်စွမ်းအား နည်းသူများအတွက်သာ စိုးရိမ်ရသော ရောဂါဖြစ်ကြောင်း၊ ရောဂါပိုးကူးစက်သူ ၂၅၀ တွင် တစ်ဦးသာ ရောဂါဖြစ်ပွားသည်ဟု သိရသည်။
ရောဂါ လက္ခဏာမှာ သာမန်တုတ်ကွေးကဲ့သို့ ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်းတို့ တွေ့ရတတ်ပြီး၊ ရောဂါပြင်းထန်လာပါက လမ်းမလျှောက်နိုင်ခြင်း၊ စကားမပြောနိုင်ခြင်း၊ ခြေလက်မလှုပ်နိုင်ခြင်းတို့ ဖြစ်သည်ဟု သိရသည်။
အထက ၂ တွင်ပြုလုပ်သော အခမ်းအနားကို မေလ ၂၃ ရက်နေ့ နံနက် ၉ နာရီကျော်တွင် စတင်ပြီး ၁၀ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဇနီး၊ သူနာပြုဆရာမများ၊ ကျောင်းဆရာ၊ ဆရာမများ ရပ်ကွက်သူ ရပ်ကွက်သူ ရပ်ကွက်သားစုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။







