ကျေးသီး - မိုင်းနောင် ကားလမ်းပိတ်ထား၍ ခရီးသည်များ သွားလာရေး ခက်ခဲနေ

ကျေးသီး - မိုင်းနောင် ကားလမ်းပိတ်ထား၍ ခရီးသည်များ သွားလာရေး ခက်ခဲနေ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်နှင့် ကျေးသီးမြို့နယ်ဘက်တွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကျေးသီး-မိုင်းနောင် ကားလမ်းကို အစိုးရတပ်မတော်က မတ်လ ၃ ရက်အထိ ပိတ်ထားသဖြင့် ခရီးသွားပြည်သူများ အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။

အဆိုပါ လမ်းပိုင်းကို မတ်လ ၂ ရက် မွန်းလွဲ ၁ နာရီ မှ စပိတ်လိုက်ခြင်းဖြစ်ပြီး၊  မတ်လ ၃ ရက်ထိ ပြန် မဖွင့်သေးသဖြင့် ခရီးသည်များ လမ်းတွင် ပိတ်မိနေကြကြောင်း ကျေးသီးမြို့နယ် ပြည်နယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် စိုင်းစံမိဏ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယင်း လမ်းပိုင်းသည် ကျေးသီး နှင့် မိုင်းနောင် မြို့နယ် ဒေသခံ ပြည်သူများ သီးသန့် အသုံးပြုသည့် လမ်းမဟုတ်ကြောင်း၊ သျှမ်းပြည်တောင်ပိုင်း နမ့်စန်၊ လွိုင်လင်၊ ပင်လုံ၊ လဲချား၊ ကွန်ဟိန်းမှ သျှမ်းပြည်မြောက်ပိုင်း လားရှိုးသို့ ဆက်သွယ်ထားသည့် ကားလမ်းလည်းဖြစ်ကြောင်း စိုင်းစံမိဏ်းက ပြောသည်။

“ အခု လမ်းပိတ်တော့ သျှမ်းတောင်ကနေ သျှမ်းမြောက်ကို သွားတဲ့ ခရီးသည်တွေအတွက် အခက်အခဲ ဖြစ်တာပေါ့” ဟု စိုင်းစံမိဏ်းက ထပ်လောင်းပြောသည်။

မိုင်းကိုင်မြို့နယ် တွင် ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်ကာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော်( RCSS/SSA) နှင့် အစိုးရ တပ်မတော် တို့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် အရှေ့ဘက် ကျေးသီးမြို့နယ်အထိ ပျံ့နှံ့လာခဲ့သည်။ ထို့ကြောင့် အစိုးရတပ်မတော်က ကျေးသီး- မိုင်းနောင် ကြား တိုက်ပွဲထိတွေ့မှုများ ဖြစ်မည်ကို စိုးရိမ်သဖြင့် ကားများ၊ ပြည်သူများ ဖြတ်သန်းသွားလာခြင်းကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း စိုင်းစံမိဏ်းက ပြောသည်။

“ အခုက ကျေးသီးဘက်ကနေ သွားရင် ရပေမယ့် မိုင်းနောင်က နေ ကျေးသီးကိုလာမယ်ဆိုရင် ပိတ်ထားတယ်။ ဆိုတော့ ဒီနေ့ ခရီးသွားတွေက ပြန်ပြန်လှည့်သွားနေရတယ် ” ဟု စိုင်းစံမိဏ်း က ဆိုသည်။

လက်ရှိ ကျေးသီးနှင့် မိုင်းနောင်မြို့နယ်သို့ အစိုးရတပ်မတော်က အင်အား ထပ်မံ တိုးဖြည့်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“ တပ်ဘက်က စစ်အင်အားတွေ အများကြီး ထပ်လာတယ်။ ဘာဆက်ဖြစ်မယ်ဆိုတာတော့ မသိဘူး။ လောလောဆယ် ကားလမ်းတွေလည်း ပိတ်ထားတယ်”ဟု မိုင်းနောင်မြို့နယ်နေ  ၃၅နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

RCSS/SSA နှင့် အစိုးရတပ်မတော်တို့ စစ်ရေး တင်းမာမှု မတ်လ ၃ ရက်ထိ ဆက်လက် ဖြစ်နေပြီး လွိုင်တွန်းတိုက်ပွဲကြောင့် ကျေးသီးမြို့နယ်တွင်လည်း စစ်ရှောင် ပြည်သူ ၁၆၀ ကျော် ရှိနေကြောင်းသိရသည်။

Most read this week

December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...
December 10, 2025
သျှမ်းသံတော်ဆင့် သတင်းထောက် နန်းခမ်းကူနှင့် ကန္တရဝတီတိုင်း(မ်) သတင်းထောက် ခူးထွေးရယ်တို့...
December 9, 2025
သျှမ်းပြည် ဖယ်ခုံမြို့နယ်ရှိ စစ်ကော်မရှင်တပ်ဖွဲ့ တပ်စွဲထားသည့်နေရာကို ကရင်နီတော်လှန်ရေး...
December 8, 2025
သျှမ်းပြည် မိုးမိတ်မြို့နယ်ရှိ မြစ်ဆုံကျေးရွာအနီးသို့ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲ...