သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားသည့် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ (စစ်ဘေးရှောင်နေသည့်) ဒေသခံများ၏ နေအိမ်ကို တပ်မတော်စစ်ကြောင်းများက ဝင်ရောက်မွှေနှောက်ခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၂ ရက်က သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့ ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းညောင် ဖာဆားကျေးရွာအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲကြောင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေစဉ် အစိုးရ၏ စစ်သားများသည် စစ်ရှောင်များ၏ နေအိမ်တံခါးများကို ရိုက်ချိုးပြီး ဝင်ရောက်မွှေနှောက် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း နေရပ်ပြန်ကြည့်သည့် ရွာသားများပြောပြချက်အရ သိရသည်။
မိုင်းကိုင်မြို့ အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံက “မနေ့(မတ်လ ၂ ရက်)က ညနေပိုင်း ရွာသားတွေ ပြန်သွားကြည့်တယ်။ စစ်ရှောင်တွေရဲ့နေအိမ် ၄ အိမ်လောက် ဖျက်ဆီးခံထားရတယ်။ အိမ်တံခါးတွေ ရိုက်ချိုးထားတယ်။ ဘုရားစင်တွေ ဖျက်ဆီးထားတယ်။ အိမ်ထဲမှာလည်း ဝင်ပြီး မွှေနှောက်ထားတာ တွေ့ရတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
ရွာအတွင်း လက်နက်ကြီးများ ကျခြင်း၊ အိမ်ခေါင်မိုးများတွင် ကျည်ဆန် ဖောက်ဝင်သည့် အပေါက်များဖြစ်ပြီး ပျက်စီးနေခြင်း၊ နေအိမ်ထရံများလည်း ပေါက်ပြဲပျက်စီးနေခြင်းတို့ ရှိကြောင်း ဦးစိုင်းလုံက ဆက်လက်ပြောသည်။
ကုန်းညောင် ဖာဆားကျေးရွာသား အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦး က “မနေ့ (မတ်လ ၂ ရက်)က ကျနော်တို့ရွာထဲကို တပ်က သေနတ်ပစ်ပြီး ဝင်လာတယ်။ နောက် ရွာထဲက အိမ် ၅လုံး ကို ဝင်ပြီး မွှေနှောက်ထားတယ်။ ဘုရားစင်တွေ၊ ဗီဒိုတွေ ရိုက်ချိုး ဖျက်ဆီးထားတယ်။ နောက် ဆန်၊ ဆီ၊ ဆား၊ ငရုပ်တွေ ယူသွားတယ်” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။
နေအိမ်ခြံဝင်း၊ရွာလမ်းမကြီးများ၊ လယ်ကွင်းများအတွင်း လက်နက်ကြီးများ ကျရောက်ကြောင်း၊ ရွာတွင် လူသူမရှိသဖြင့် ထိခိုက်ဒဏ်ရာရမှုတော့ မရှိကြောင်း နေရပ်ပြန်ကြည့်သည့် အဆိုပါရွာသားက ပြောသည်။
RCSS/SSA နှင့် အစိုးရ တပ်မတော်သည် ဟမ်းငိုင်းကျေးရွာ အုပ်စု အတွင်းရှိ လွိုင်တွမ်း တောင်ကြောဘက် တိုက်ပွဲများငြိမ်သွားပြီဖြစ်သော်လည်း လွိုင်တွမ်း တောင် အနောက်ဘက် ကုန်းညောင် ဖာဆား ကျေးရွာဘက် တွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ စိုင်းခမ်းစံ က သျှမ်းသံတော်ဆင့် သို့ပြောသည်။
“ လွိုင်တွမ်း ဘက်ကတော့တိုက်ပွဲမဖြစ်တော့ဘူး။ ဒါပေမယ့် အဲဒီတောင် အနောက်ဘက် ကုန်းညောင်ဖာဆား ဘက်တော့ဖြစ်တယ်။ ထိတွေ့မှုတော့ရှိတယ်။ နောက် အစိုးရ တပ်က စစ်အင်အား အရမ်းဖြည့်လာတယ်” ဟု စိုင်းခမ်းစံ က ဆိုသည်။
မတ် ၃ ရက်အထိ အစိုးရ တပ်မတော် က လားရှိုးမှ စစ်အင်အားများ မပြတ် တက်လာနေကြောင်းလည်း ဒေသတွင်းသတင်းများအရ သိရသည်။
RCSS/SSA နှင့် အစိုးရ တပ်မတော်သည် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ စတင်ကာ လက်ရှိအချိန်ထိတိုင် တိုက်ပွဲများဖြစ်ပွားကာ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာရှိ ဘုန်းကြီးကျောင်း နှင့် ကျေးသီးမြို့နယ်ရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင် ၅၀၀ နီးပါး ထွက်ပြေး တိမ်းရှောင်နေရသည်။







