သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် အစိုးရတပ်မတော် တို့ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်း မတ်လ ၂ ရက် နေ့လည်တွင် တိုက်ပွဲ ပြန်လည်ဖြစ်ပွားကာ ဒေသခံများ ထပ်မံ ထွက်ပြေးနေရသည်ဟု သတင်းရရှိသည်။
ဟမ်းငိုင်းကျေးရွာအုပ်စု ကုန်းညောင် ဖာဆားကျေးရွာအနီးတွင် တိုက်ပွဲထပ်မံဖြစ်ပွားပြီး လက်နက်ကြီးများ ကျေးရွာ စာသင်ကျောင်းအနီး ကျရောက်ကြောင်း၊ ကျေးရွာ ဒေသခံများ ရွာလုံးကျွတ် စစ်ဘေး ထပ်မံ ရှောင်တိမ်းနေရကြောင်း မိုင်းကိုင်မြို့နယ် ပြည်နယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းပန်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ နေ့လည် ၂နာရီခွဲ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေ ကြားရတယ်။ ရွာထဲကို လက်နက်ကြီးတွေ ကျတယ်။ ဘယ်နှလုံးကျလဲဆိုတာ ကျနော် သေချာ မသိသေးဘူး”ဟု စိုင်းပန်က ဆိုသည်။
တိုက်ပွဲကြောင့် ကုန်းညောင် ဖာဆား ကျေးရွာ တစ်ရွာလုံး ထွက်ပြေးလာကြောင်း၊ အဆိုပါ ရွာသားများသည် ယမန်နေ့ မတ် ၁ ရက်က တိုက်ပွဲများ ပြန်ငြိမ်သွားသဖြင့် မိမိနေရပ်သို့ ပြန်သွားသည့်သူများ ဖြစ်ကြောင်းလည်း စိုင်းပန်က ပြောပြသည်။
“သူတို့တွေက နှစ်ခါပြန် စစ်ရှောင်တဲ့ သဘောပါပဲ။ မနေ့က နှစ်ဖက်တပ်တွေ ဆုတ်သွားပြီ။ စစ်ပွဲတွေ မရှိတော့ဘူးဆိုလို့ ပြန်ကြတာ။ ဒီမနက်ထိ အေးဆေးပဲ။ နေ့လည် ၂နာရီခွဲမှ ထပ်ဖြစ်တာ။ စစ်ရှောင်တွေ ဘယ်လောက်ရှိလဲဆိုတာ အတိအကျ မရသေးဘူး။ ကောက်နေတုန်း”ဟု စိုင်းပန်က ထပ်လောင်း ပြောသည်။

အဆိုပါ တိုက်ပွဲရှောင် ပြည်သူများသည် ဟမ်းငိုင်းကျေးရွာအုပ်စု လွယ်ဇောက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ကုန်းစုံကျေးရွာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြကြောင်း စိုင်းပန်က ပြောသည်။
စစ်ရှောင်လာသူ အသက် ၃၀ ကျော်အရွယ် စိုင်းကျိန် က “ ဒီနေ့ နေ့လည် ၃နာရီလောက်မှာ ရွာထဲမှာ သေနတ်သံတွေ ကြားတယ်။ လက်နက်တွေလည်း ကျတော့ ပြ န်ထွက်ပြေးလာတာပါ” ဟု သျှမ်းသံတော်ဆင့်သို့ မတ်လ ၂ ရက်တွင် ပြောသည်။
RCSS/SSA နှင့် အစိုးရ တပ်တို့ မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ လွိုင်တွမ်းတောင်ကြောတွင် ဖေဖော်ဝါရီ ၂၇ ရက်က တိုက်ပွဲစ တင်ဖြစ်ပွားကာ ထိုစစ်ဘေးရှောင်များ တစ်ကြိမ် ထွက်ပြေးခဲ့သည်။ မတ်လ ၁ရက်တွင် တိုက်ပွဲများ ပြန်လည် ငြိမ်သက်သွားသဖြင့် ဒေသခံ အမျိုးသားများ နေရပ်ပြန် သွားကြည့်ကြကြောင်း၊ မတ်လ ၂ ရက်တွင် တိုက်ပွဲ တစ်ကျော့ပြန်ဖြစ်သဖြင့် တဖန် ထွက်ပြေးလာရကြောင်း စစ်ရှောင်အမျိုးသား စိုင်းကျိန်က ပြောသည်။
RCSS/SSA သည် လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ထိခိုက်မည်ကို စိုးရိမ်သဖြင့် RCSS/SSA တပ်စခန်းဖြစ်သည့် လွိုင်တွမ်းတောင်စခန်းကို ရှောင်တိမ်းပေးရကြောင်း သိရသည်။ RCSS/SSA တပ်စခန်း ရှောင်ထွက်ခဲ့သော်လည်း လက်ရှိမှာ တိုက်ပွဲများ ပြန်ဖြစ်သည့်အပေါ် ဒေသခံများက စိုးရိမ်နေကြသည်။
“သတင်းတွေမှာ RCSS က တပ်ဆုတ်လိုက်ပြီ၊ တပ်နှစ်ဖက် ညှိလို့ ရပြီ၊ တိုက်ပွဲ မဖြစ်တော့ဘူးဆိုပြီး တွေ့တော့ ကျနော်တို့ ပြန်တယ်။ ဒါပေမယ့် တိုက်ပွဲက ပြန်ဖြစ်တော့ ကျနော်တို့ ဘာကို ယုံရမှာလဲ” ဟု ကုန်းစုံကျေးရွာမှ စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိမှာ လွိုင်တွမ်းတောင်ကြော အရှေ့ဘက်တွင် ကျေးသီးမြို့နယ်၊ အနောက်ဘက်တွင် မိုင်းကိုင်မြို့နယ်တို့ ရှိသည်။ ထို့ကြောင့် စစ်ရှောင်များသည် မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။







