သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း RCSS/SSA နှင့် အစိုးရတပ်မတော်တို့ စစ်ရေးတင်းမာမှု ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ရှိနေသေးကြောင်း သတင်းရရှိသည်။
မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုအတွင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် အစိုးရတပ်မတော်သည် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှ စတင်ကာ စစ်ရေး ပြင်းထန်ခဲ့ကြရာ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ တိုက်ပွဲ ဖြစ်ပွားနေသေးကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံက သျှမ်းသံတော်ဆင့်သို့ အတည်ပြုပြောကြားသည်။
“ အခုထိ တိုက်ပွဲက မငြိမ်သေးဘူး။ မနေ့ကလိုတော့ တိုက်ပွဲ မပြင်းထန်တော့ဘူး။ တပ်မတော်က တပ်မဆုတ်သေးဘူး။ သူတို့ တပ်မဆုတ်သရွေ့တော့ စစ်ရေးတွေ တင်းမာမယ်” ဟု ဗိုလ်မှူးခမ်းစံက ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ပြောသည်။
တိုက်ပွဲအပြီး တပ်မတော်၏ လက်နက်များ ကို RCSS/SSA ဘက်မှ သိမ်းဆည်းရမိကြောင်း မြေပြင်တိုက်ပွဲတွင် တာဝန်ကျသည့် RCSS/SSA အရာရှိတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်ပြီး RCSS/SSA ပြန်ကြားရေး ဗိုလ်မှူးခမ်းစံကို မေးမြန်းရာ “ အခု တိုက်ပွဲဖြစ်နေတဲ့အချိန်ဆိုတော့ ပြောလို့မရသေးဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောပြသည်။
ယမန်နေ့တွင် တိုက်ပွဲသည် နံနက် ၈နာရီခွဲမှ စတင်ကာ ညနေပိုင်းထိ ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့တွင်လည်း ယခုချိန်ထိ တိုက်ပွဲ တင်းမာနေဆဲ ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်တွင် သိရသည်။
သျှမ်းပြည် အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲကို မတ်လအတွင်း ပြုလုပ်ရန် RCSS/SSA မှ ယခုလ ၂၄ ရက် ကြေငြာချက် ထုတ်ပြန်ထားပြီး လင်းခေးမြို့တွင် ပြုလုပ်ရန် လျာထားကြောင်း ပြောခွင့်ရက သျှမ်းသံတော်ဆင့်ကို ပြောဆိုခဲ့သည်။
ထို့ပြင် NCA လက်မှတ် ရေးထိုးထားသော RCSS/SSA သည် စတုတ္ထအကြိမ်မြောက် ၂၁ပင်လုံ ညီလာခံ ဖြစ်မြောက်လာရန်အတွက် ဦးဆောင်သည့် အဖွဲ့ တစ်ဖွဲ့လည်း ဖြစ်သည်။
လက်ရှိတိုက်ပွဲကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ယုံကြည်မှုများ ပျက်ပြယ်နိုင်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုသည်။
“ အခုလို တိုက်ပွဲ ထပ်ဖြစ်တယ်ဆိုတော့ ပထမအချက်က ယုံကြည်မှုကို အထူး ထိခိုက်စေတယ်။နောက်တစ်ချက်က ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်ကိုလည်းပဲ အနှောင့်အယှက်ဖြစ်စေပါတယ်” ဟု သျှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောသည်။
RCSS/SSA သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်သည့် အဖွဲ့ (PPST) ဥက္ကဋ္ဌ ရာထူး ယူထားသည့် အတွက် တိုက်ပွဲ ဆက်ဖြစ်မည်ဆိုပါက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) လုပ်ငန်းစဉ်ကို ရပ်တန့်သွားနိုင်ကြောင်း စိုင်းလိတ်က သုံးသပ်ပြောဆိုသည်။
“ပွတ်တိုက်မှုတွေ မဖြစ်တာ အကောင်းဆုံးပါပဲ” ဟုလည်း စိုင်းလိတ်က မှတ်ချက်ပြုလိုက်သည်။
တပ်မတော်သည် တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီစာချုပ် ( NCA) လက်မှတ်ရေးထိုးထားသည့် ကရင် အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နှင့်လည်း ဖာပွန်နယ်မြေတွင်လည်း တိုက်ပွဲဖြစ်နေပြီး၊ RCSS/SSA ဧရိယာ မိုင်းကိုင်မြို့နယ် ဟမ်းငိုငးကျေးရွာဘက်တွင်လည်း တိုက်ပွဲဖြစ်နေကြောင်း နိုင်ငံရေ လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောသည်။
ထိုတိုက်ပွဲများဖြစ်ပွားမှုကြောင့် ဦးမောင်မောင်စိုးက “ ကျနော့်အမြင်ကတော့ မတ်လမှာ လုပ်မယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ထိခိုက်နိုင်မယ်လို့ ကျနော် ထင်တယ်။ အဲ့မှာ ဖြေရှင်းဖို့ ကြိုးစားမလား။ အဲဒါကို မဖြေရှင်းဘူးလားဆိုတာ စောင့်ကြည့်ရမယ့် ပြဿနာဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။
မတ်လဆန်းပိုင်းတွင် ကျင်းပမည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နှင့် တိုင်းရင်းသားလက်နက်ကိုင်များ အဖွဲ့ EAOs တို့ တွေ့ဆုံပြီး ပြဿနာကို မဖြေရှင်းနိုင်ပါက လင်းခေးတွင် ကျင်းပမည့် သျှမ်းပြည် အမျိုးသားအဆင့်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက်နိုင်ကြောင်း ဦးမောင်မောင်စိုးက ပြောဆိုလိုက်သည်။
ဆက်လက်ပြီး ဦးမောင်မောင်စိုး က “ ငြိမ်းချမ်ေးရး လုပ်ငန်းစဉ် အရှိန်ကောင်းလာပြီး သဘောတူညီချက်တွေ ရလာပြီဆိုရင် တိုက်ပွဲတွေပေါ်လာတက်တာလည်း ထူးဆန်းပါတယ်။ ဒါကို တဖက်နဲ့ တဖက် ထိန်းချုပ်မှု မရှိဘူး။ စစ်ရေး တိုက်ပွဲဖော်နေတာကတော့ ငြိမ်းချမ်းရေး အတွက် အဖြေထုတ်စရာပါပဲ” ဟု ထောက်ပြ ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားသည့် အခြေအနေ နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းရာ မရရှိခဲ့ပေ။







