သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်များ ဌာနေ ပြန်ရန် တပ်မတော်က အကြောင်းကြားထားကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၂၆ ရက် က အစိုးရ တပ်မတော် မှ မူဆယ်မြို့နယ် အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်များကို ခေါ်ယူကာ အစည်းအဝေးပြုလုပ်ခဲ့ရာ ပြောဆိုခဲ့ခြင်းဖြစ်သည် ဟု သိရသည်။
အဆိုပါ အစည်းအဝေး တွင် ကောင်းခါးပြည်သူ့စစ်၊ မုံးပေါ်ပြည်သူ့စစ်နှင့် မြို့မ ပြည်သူ့စစ်တပ်ဖွဲ့ တို့ ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်များ ကို တပ်မတော်မှ ချမှတ်ထားသည့် နေရာသို့ ပြန်သွားကြရန် နှင့် မြို့ မပြည်သူ့စစ်မှ လွဲပြီး ကျန်ပြည်သူ့စစ်များ တပ်ပြင်ပ သို့ လက်နက် ခဲယမ်း ကိုင်ဆောင်သွားခြင်းမပြုကြရန် အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး မူဆယ်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အမတ် (၁) စိုင်းကျော်သိန်း က “ ပြည်သူ့စစ်တွေ ကို မိမိနေရပ်ကို ပြန် ဖို့ ဆိုတဲ့သတင်းကြားတော့ကြားရတယ်။ ကျနော် အတိအကျတော့ မသိသေးဘူး။ အဲ့နေ့က လုပ်တဲ့အစည်းအဝေး က ကျနော်မတက်ရဘူး” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။
မူဆယ်မြို့နယ် အတွင်း ပြည်သူ့စစ် တပ်ဖွဲ့ ၁၀ ဖွဲ့ အထက်ရှိကြောင်း၊ များသောအားဖြင့် ပြည်သူ့စစ်များသည် စီးပွားရေးလုပ်ကိုင်ကြကြောင်း စိုင်းကျော်သိန်း က ပြောသည်။
“ မုံးပေါ် ပြည်သူ့စစ်ကတော့ ပန်ဆိုင်း(ကြူကုတ်) မုံးပေါ်ဘက်ကပါ။ မြို့မ ပြည်သူ့စစ်ကတော့ အရင်ကတည်းက မူဆယ်မြို့ က တံတားတွေ လမ်းတွေစောင့်တယ်။ ကျန် ပြည်သူ့စစ်တွေက စီးပွားရေး လာလုပ်ကြတယ်” ဟု စိုင်းကျော်သိန်း က နယ်မြေ ပြည်သူ့စစ်တွေ အကြောင်း ရှင်းပြသည်။
မူဆယ်မြို့သည် တရုတ်နယ်စပ် မြို့ ဖြစ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့များ လှုပ်ရှားကာ မူဆယ်မြို့အတွင်း လက်နက်များကိုင်ဆောင်ကာ သွားလာလှုပ်ရှားသည့် ကြသည်။
ထို့ကြောင့် ပြည်သူ့စစ်များ မြို့တွင်းသို့ စစ်ဝတ်စုံများ၊ လက်နက်များ ကိုင်ဆောင်ကာ သွားလာသဖြင့် ဒေသခံများ ကြောက်ကြသလို တချို့ ပြည်သူ့စစ်များသည် ပြည်သူများကို ရိုက်နှက်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများလည်း ပြုလုပ်ခဲ့သည်။
“ ဒီရက်ပိုင်း ပြည်သူ့စစ်တွေ ဝတ်စုံတွေ၊ လက်နက်တွေ တော့ နဲ့တော့မတွေ့တော့ဘူး။ ထူးတော့ ထူးတယ်” ဟု မူဆယ်မြို့ ဒေသခံ စိုင်းကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။
ပြည်သူ့စစ်များကို ယခုကဲ့သို့ မိမိဌာနေ ပြန်ခိုင်းခြင်းသည် ကောင်းမွန်ကြောင်း၊ ပြည်သူ့စစ်များစုသည် လက်နက်ဖြင့် ဒေသခံများကို အနိုင်ကျင့် မှု ကင်းသွားနိုင်ကြောင်း စိုင်းကျော်က ပြောသည်။







