နိုင်ငံတော်အတိုင်ပင်ခံ ခရီးစဉ်နှင့် သူမ၏ ကတိကဝတ်အပေါ် ရှမ်းနီပြည်သူတို့၏ သဘောထားအမြင်များ

နိုင်ငံတော်အတိုင်ပင်ခံ ခရီးစဉ်နှင့် သူမ၏ ကတိကဝတ်အပေါ် ရှမ်းနီပြည်သူတို့၏ သဘောထားအမြင်များ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်သည် ရှမ်းနီလူမျိုးတို့၏ အခြေခံမြို့များတွင် ပါဝင်သော ဟုမ္မလင်း၊ခန္တီးစသည့် မြို့များအပြင် ခေတ်အဆက်ဆက် နိုင်ငံရေးခေါင်းဆောင်များ သွားလေ့မရှိသော ပင်လည်ဘူးမြို့သို့ မကြာသေးမီလပိုင်း ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ စတုတ္ထပတ်တွင် သွားရောက်ခဲ့သည်ကို တွေ့ရသည်။

ထိုသို့ သွားရောက်ခြင်းသည် လူထုတွေ့ဆုံပွဲဟု ခေါင်းစဉ်တပ်သော်လည်း သူမသာ မိန့်ခွန်း ပြောကြားသွားပြီး ပြည်သူလူထုအချို့ မေးမြန်းလိုသော မေးခွန်းများ မေးမြန်းခွင့် မရခဲ့ကြကြောင်း ကြားသိရသဖြင့် ပြည်သူလူထုအသံ နားထောင်လိုသည်ထက် ပါတီစည်းရုံးရေးဆန်သော ခရီးစဉ်တစ်ခုအဖြစ် ပြည်သူလူထုကြားတွင် ဝေဖန်မှုအချို့  ရှိနေပါသည်။

အဘယ်ကြောင့်ဆိုသော် များမကြာမီ ရောက်လာတော့မည့် လအနည်းငယ်အတွင်းမှာ၂၀၂၀ရွေးကောက်ပွဲ ကျင်းပရန် ရှိနေခြင်းကြောင့် ဖြစ်သည်။ ထိုသို့ ပါတီစည်းရုံးရေးဆန်ဆန် သူမ၏ခရီးစဉ်သည် ရှမ်းနီပြည် သူလူထုကြား သူမ၏၂၀၁၅ ရွေးကောက်ပွဲကြိုကာလ ကချင်ပြည်နယ်စည်းရုံးရေးခရီးစဉ်နှင့် အတော်ပင် ဆင်တူနေကြောင်း ဝေဖန်ပြောဆိုသူများလည်း ရှိနေသည်။

၂၀၁၅ခုနှစ် ကချင်ပြည်နယ် ပါတီစည်းရုံးရေးခရီးစဉ်အတွင်း မိုးညှင်းမြို့ဟောပြောပွဲတွင် ရှမ်းနီလူမျိုးများကိုလည်း မမေ့ပါဘူးဟု ပြောခဲ့သည့်စကားရပ်သည် ရှမ်းနီလူမျိုးအများစု၏ မျှော်လင့်ချက်ကို ကြီးမားစေခဲ့သည်။ သို့ရာတွင် အမှန်တကယ် လေးနှစ်တာကာလအတွင်း ရှမ်းနီလူမျိုးများအတွက် သူမ ဘာတွေ ဆောင်ရွက်ပေးခဲ့ပြီလဲဟူသော မေးခွန်းမှာလည်း ရှမ်းနီပြည်သူလူထုကြားတွင် ယနေ့အချိန် ဝေဖန်စရာ ကိစ္စရပ်တစ်ခုအဖြစ် ရှိနေခဲ့ပါသည်။ ရှမ်းနီတိုင်းရင်းသားတို့သည် နိုင်ငံတော်အတိုင်ပင်ခံအပေါ် မျှော်လင့်ချက် ကြီးမားစွာ ရှိခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ မျှော်လင့်ချက်များနှင့် ယနေ့ ၎င်းတို့၏ စကားသံများကို မေးမြန်းတင်ဆက်ပေးလိုက်ရပါသည်။

ဦးတင်ငွေလေး

ရှမ်းနီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအကျိုးဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ

နှစ်ကဏ္ဍခွဲပြီး ပြောရမယ်။ ဒေါ် အောင်ဆန်းစုကြည်တို့ရဲ့ အင်န်အယ်လ်ဒီအဖွဲ့ကတော့ လူ့အခွင့်အရေးကို ဦးစားပေးပြီး လုပ်တဲ့ အဖွဲ့အစည်း၊ ကျွန်တော်တို့က လူမျိုးရေးကို ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အမျိုးသားရေးကိုတော့ သူတို့က မရှိဘူးပေါ့။ အဓိကတော့ သူတို့က လူ့အခွင့်အရေးကို ဦးစားပေး ရှေးရှုပြီးတော့ လုပ်တဲ့အတွက် တိုင်းရင်းသားရေးကို ပါးစပ်အရသာပဲ ပြောသွားပြီးမှ လက်တွေ့မှာ ကျွန်တော်တို့အတွက် ဘာမှ ဆောင်ရွက်ပေးတာ မရှိသေးပါဘူး။ ကျွန်တော်တို့ ရှမ်းနီအမျိုးသားရေးနဲ့ပြောမယ်ဆိုရင် တန်းတူညီတူ အခွင့်အရေးတော့ တိုင်းရင်းသားတိုင်း ရချင်ကြတာပေါ့။တိုင်းရင်းသားနဲ့ ကျွန်တော်တို့တိုင်းရင်းသားအခွင့်အရေးတွေ မရပါဘူး။ မရတာကိုပဲ ဝမ်းနည်းမနေဘဲ မရရအောင်တော့ အဖွဲ့အစည်းတွေ ဝိုင်းဝန်း ကြိုးစားသွားမယ်လို့ သန္နိဋ္ဌာန်ချထားတယ်။ လက်ရှိ အာဏာရပါတီထဲမှာလည်း ရှမ်းနီတွေ ရှိတယ်။ အားနည်းတာပေါ့ဗျာ။ သူတို့ကို သွားပြောမယ်ဆိုရင် သူတို့က လူ့အခွင့်အရေးအနေနဲ့ပဲ အမြဲတမ်း သူတို့ရဲ့ပါတီရဲ့ မူဝါဒက လူ့အခွင့်အရေးပဲ ပြောတာကို။ တိုင်းရင်းသားအခွင့်အရေးဆိုတာ သူတို့မူဝါဒထဲမှာ မရှိဘူးလေ။ မရှိတော့ တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးနေတာပေါ့။ တိုင်းရင်းသားတွေကို မဲပြိုင်ခိုင်းရင်လည်း ပြိုင်လည်း သူတို့မူဝါဒထဲမှာ တိုင်းရင်းသားအခွင့်အရေးက ရေးဆွဲထားခြင်းမရှိတဲ့အတွက် ပြိုင်လည်းပဲ လွှတ်တော်ကိုယ်စားလှယ်တော့ ဖြစ်လာမှာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းရင်းသားအခွင့်အရေးကတော့ မရနိုင်ပါဘူး။ အဲလိုပဲ သုံးသပ်ပါတယ်။

စိုင်းအောင်ကျင်

ရှမ်းနီလူငယ် ၊ ဗန်းမောက်မြို့

ဒေါ်စုက မိုးညှင်းကို ရွေးကောက်ပွဲမတိုင်ခင်မှာ အဲဒီမိုးညှင်းမှာ ရှမ်းနီတွေ အများဆုံး နေထိုင်တယ်ဆိုပြီး ပြောသွားပါတယ်။ သူ့ကိုလည်း ဆက်ပြီးတော့လည်း အားပေးဖို့ ပြောသွားပါတယ်။ မိုးညှင်းမှာ ရှမ်းနီလူမျိုး အများဆုံး နေထိုင်တယ်ဆိုတာလည်း သူကိုယ်တိုင်ပဲ ပြောသွားတယ်။ အဲလိုပါပဲ၊ ဒီ ဗန်းမောက်မှာလည်း ကျွန်တော်တို့ ရှမ်းနီတွေ အများဆုံး နေထိုင်တယ်ဗျ။ ကျွန်တော်တို့ ဗန်းမောက်မြို့နယ်ကို အခု လာတာလည်း ပထမတစ်ခေါက် မဟုတ်ဘူးဗျ။ ဒုတိယတစ်ခေါက်ဗျ။ အဲဒီအခါတုန်းကလည်း မဲတွေ ထည့်ပေးခဲ့တယ်။ အမေစုအနေနဲ့လည်း ကျွန်တော်တို့ တိုင်းရင်းသားတွေအခွင့်အရေးကို ဖွင့်ပေးခဲ့တယ်။ ဒါပေမယ့် ကျွန်တော်တို့ လိုချင်တဲ့၊ ဖြစ်ချင်တဲ့ နေရာထိတော့ ခရီးမရောက်ဖြစ်သေးဘူးဗျ။

ပင်လည်ဘူး တုံးမွန်းဆရာတော်

တိုင်းဝန်ကြီးချုပ်တွေလောက်ကတော့ လာတာပေါ့။ နိုင်ငံတော်ထိပ်ဆုံးက ပုဂ္ဂိုလ်တွေဆို အခုတစ်ခေါက်ပဲ အရင်ကတွေလည်း မရှိပါဘူး။ သူတို့ အချိန်မရလို့ရယ်၊ နောက်ပြီးတော့ သူတို့ လာတာက ဘာရည်ရွယ်ချက်နဲ့ လာတယ်ဆိုတာ မသိဘူးလေ။ ပြောတာတော့ လွှတ်တော်တွေက သူ့ကို ဖိတ်ထားလို့ တစ်နေ့နေ့တော့ သူလာမယ်လို့ ပြောထားမိတယ်တဲ့။ အဲဒီကတိလေးနဲ့ သူ ရောက်လာဖြစ်အောင်လေး လာတဲ့သဘော။ အဲလိုလေး ပြောသွားတာပါ။ တိုင်းရင်းသားတွေ မြင်ရတာ စိတ်ချမ်းသာတယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ စစ်မဖြစ်ဘူးပေါ့။ အချို့ အချို့သော တိုင်းရင်းသားဒေသမှာ စစ်ဖြစ်ကြတယ်။ အဲလို စစ်ဖြစ်တာဟာ ပညာရှိတွေရဲ့ လုပ်ရပ် မဟုတ်ဘူး၊ လူမိုက်တွေရဲ့ လုပ်ရပ်တွေ၊ ပညာရှိတွေ ပညာရှင်တွေဆိုရင် အချင်းချင်း မိမိဖြစ်ချင်တဲ့ ဆန္ဒတွေကို အချင်းချင်း ဆွေးနွေးတိုင်ပင်ပြီးတော့ ပြုလုပ်ဆောင်ရွက်ရမှာ။ အဲလိုတွေ ပြောသွားပါတယ်။ တိုင်းရင်းသားတွေအကြောင်း အဲလို ပြောသွားပါတယ်။ ခုလောလောဆယ်တော့ (ရှမ်းနီ)အရေးနဲ့ပတ်သက်ပြီး ဘယ်လိုမှ မမြင်ပါဘူး။ ရှမ်းနီအကြောင်းတွေကို မေ့ထားသလိုပဲ။ ရွေးကောက်ပွဲတွေ နီးလို့ မဲ လာဆွယ်တဲ့ ပုံစံ၊ အမြင်လေးပေါ့၊ အဲလိုပဲ မြင်တာပေါ့။ ရောက်သလား၊ ရောက်တယ် ဆိုရုံလေးပဲ ရောက်တာကို။

ဦးစိုင်းစန်းဝေ

ဥက္ကဋ္ဌ ၊ မြန်မာပြည်မြောက်ပိုင်း ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့

ရှမ်းနီနဲ့ပတ်သက်ပြီးတော့ ဘာတစ်ခုမှ လုပ်ထားပေးတာ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျွန်တော်တို့ ရှမ်းနီတွေကို ဒီရှမ်းနီတွေ ရှိတယ်လို့တောင် ခေါင်းထဲ မထည့်ထားပါဘူး။ မနှစ်တုန်းက သူ့ကို တွေ့ဆုံခွင့် တောင်းထားသေးတယ်။ ဒါပေမယ့် မပေးဘူး။ ဒီကချင်ပြည်နယ်ဆိုဦးတော့လည်း ကချင်တွေ မဟုတ်ဘူး၊ ရှမ်းနီတွေလည်း နေထိုင်တယ်ပေါ့နော့်။ ဘာပဲဖြစ်ဖြစ် ကချင်ပြည်နယ်လို့ သတ်မှတ်လိုက်ကတည်းက ရှမ်းတွေက အခွင့်အရေး ဆုံးရှုံးခဲ့တယ်ပေါ့နော့်။ အဲဒီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆောင်ရွက်တဲ့နေရာမှာ ဘာပဲဖြစ်ဖြစ် ကချင်ပြည်နယ်ကို လာပြီဆိုရင်လည်းပဲ ကချင်နဲ့ပဲ တွေ့ပြီး ပြန်တာမျိုးမဟုတ်ဘဲနဲ့ ကျွန်တော်တို့ ရှမ်းတွေနဲ့လည်း တွေ့ သင့်တယ်ဆိုတဲ့ဟာကို ကျွန်တော်တို့က တောင်းခံထားတယ်။ တောင်းခံထားတယ်ဆိုပေမယ့် လုံးဝ အသိအမှတ် မပြုဘူး။ တောင်းခံတာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်တဲ့အခါမှာ ကျွန်တော်တို့ရှမ်းတွေကိုလည်း ခွဲခွဲခြားခြား မလုပ်ဘဲနဲ့ ရှမ်းတွေကိုလည်း တွေ့ဖို့ပေါ့လေနော့်။ ရှမ်းတွေရဲ့ လိုအပ်ချက်တွေကိုလည်း တွေ့ဆုံဖို့ပေါ့။ သူက အသိအမှတ် မပြုလာဘူး။ ကျွန်တော်တို့ စာနဲ့ တရားဝင်တင်တာပေါ့လေ။

ကိုရွှေဉာဏ်

ရှမ်းနီ(တိုင်းလိုင်)အမျိုးသားများဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဟုမ္မလင်း

ဟုမ္မလင်းကို ရောက်တယ်။ လူထုတွေ့ဆုံပွဲတော့ မလုပ်ဘူး။ တက်လိုက်ဆင်းလိုက်ပဲ လုပ်သွားတယ်။ ကျွန်တော်တို့လည်း အဲဒါကို မျှော်နေတာ၊ လုပ်မလားလို့။ သူတို့ကတော့ ရှမ်းနီလူမျိုးရေးအတွက်ကို ရှမ်းနီပါတီပဲ ရှိလား၊ ဒါမှမဟုတ် ဘာလို့လဲဆိုတာ ဘာမှ ထူးထူးထွေထွေ အားပေးခြင်း၊ အားမြှောက်ခြင်း မရှိဘူးပေါ့ဗျာနော့်။ အခုကတော့ မှတ်ပုံတင်လုပ်တဲ့အခါတော့ လဝကကို ညွှန်ကြားထားတာ ရှိတယ်။ ဒီပေါ့၊ ဟုမ္မလင်းက ရှမ်းနီတွေ အများဆုံး နေထိုင်တဲ့ အရပ်ဒေသကိုးဗျ။ လဝကပိုင်းဆိုင်ရာ မှတ်ပုံတင်အသစ် လုပ်တာပဲဖြစ်ဖြစ်၊ လဲတာပဲဖြစ်ဖြစ် ငွေရေးကြေးရေး မတောင်းရဘူး။ အမြန်လုပ်ပေးရမယ်ဆိုတဲ့ အမိန့်လေးတော့ ထုတ်ထားတယ်ဗျ။ ကျွန်တော်တို့ကို အားပေးအားမြှောက်န ည်းနည်းပါးပါး ရှိလာတယ်ဆိုတဲ့ သဘောပေါ့ဗျာ။

နန်းညွှန့်စိန်

နမ့်တောကျေးရွာ၊ဟုမ္မလင်း

ကျွန်မတို့လူမျိုးတွေကို မျက်ကွယ်ပြုထားသလိုမျိုး ခံစားရတယ်။ ဘာမှလုပ်မပေးဘူးလေ။ ဟိုတလောက သမ္မတကြီး လာတုန်းကလည်း သွားတွေ့တဲ့အခါကျတော့ ကျွန်မတို့က ရှမ်းနီပါတီက ဆိုတော့ သူတို့ အင်န်အယ်လ်ဒီ ပါတီက အတွေ့မခံတာပေါ့နော့်။ သမ္မတကို ဝင်တွေ့မယ်ဆိုတော့ ဘာကိစ္စလဲ၊ ဘာညာပေါ့လေ။ ကျွန်တော်တို့က တင်ပြစရာရှိလို့ပါ ဆိုပြီး ပြောတဲ့အခါကျတော့ လက်ဆောင်ပေးမှာလားဆိုပြီး အရင်မေးတာ၊ လက်ဆောင်မပေးဘူးဆိုရင် အတွေ့မခံချင်တဲ့ ပုံစံမျိုးပေါ့နော်၊ ဒေါ်စု လာတယ် ဆိုတဲ့အခါလည်းကျွန်မတို့ လူငယ်ပိုင်းတွေက ဘာမှ တင်ပြခွင့် မရဘူး။ ဒီဒေသမှာဆိုတော့ ပါတီနှစ်ခုပေါ့နော်။ ကျွန်မတို့နဲ့ သူတို့နဲ့ ပြိုင်သလို ဖြစ်တဲ့အခါကျတော့ ကျွန်မတို့ကို တော်တော်လေး နှိပ်ကွပ်တာပေါ့နော်။ ကျွန်မတို့လူမျိုးတွေ ဖော်ထုတ်ခွင့် ရအောင် ကျွန်မတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရချင်တာပေါ့လေ။

ဦးစောဝင်းထွန်း

ရှမ်းနီ(တိုင်းလျှန်)အမျိုးသားများသွေးစည်းညီညွတ်ရေးပါတီ

ဟုမ္မလင်း သွားတယ်၊ ပင်လည်ဘူး သွားတယ်၊ ဒီ ဗန်းမောက်ထိလည်း သွားတယ်။ တော်တော်ကို စိပ်လွန်းတဲ့ ခရီးစဉ်တစ်ခုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်တိုက်ကြီး သွားတယ်ဆိုတော့ ထူးခြားမှု ရှိတာပေါ့။ ရှမ်းနီကိုယ်စားပြုပြီး ပြောခွင့်မရခြင်း၊ တွေ့ဆုံပွဲမှာလည်း ပြောခွင့်မရခြင်းဟာ သက်ဆိုင်ရာ စီစဉ်သူတွေကြောင့်လည်း ဖြစ်နိုင်သလို စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ ပါတီအနေနဲ့ စိုးရိမ်မှု တော်တော်ကြီးနေပြီဆိုတဲ့အကြောင်း ယူဆတယ်ပေါ့နော်။ ပြောရရင်တော့ နိုင်ငံရေးအရ ကျွန်တော်တို့ကို မြောင်းထိုးချင်တဲ့သဘော။ ဖယ်ထုတ်ထားချင်တဲ့ သဘောသက်ရောက်ပါတယ်။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စည်းရုံးရေးသဘောမျိုးအနေနဲ့ လာတယ်လို့ မှတ်ပါတယ်။ ကျွန်တော်တို့လူမျိုးတွေကို ပြောခွင့်မပေးခြင်းဟာ ဒါဟာ နိုင်ငံရေးကစားကွက်တစ်ခုကြောင့် ဒီ အခွင့်အရေးကို ဆုံးရှုံးတယ်လို့ပဲ မှတ်ပါတယ်။

Most read this week

May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...