စကားပြောစက်ကိုင်သည့်ရွာသားကို သျှမ်းစစ်သားဟု အစိုးရစစ်တပ် ဖမ်းဆီး

စကားပြောစက်ကိုင်သည့်ရွာသားကို သျှမ်းစစ်သားဟု အစိုးရစစ်တပ် ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ က ဒေသခံတစ်ဦးကို သျှမ်းစစ်သား ဟုဆိုကာ အစိုးရတပ်မတော်၏ လှုပ်ရှားစစ်ကြောင်းတစ်ခုက နှစ်ရက်ကြာ ဖမ်းဆီးသွားခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက် မွန်းတည့်ချိန်က ပင်လုံမြို့ နောင်လိုင်ကျေးရွာအုပ်စု ဖတ်ဖိတ် ရွာသား အသက် ၅၂ နှစ် အရွယ် လုံးစိန္တာမှာ ရွာပြင်ရှိ ရေစင် သွားရောက်ပြုပြင်စဉ် တပ်မတော်စစ်ကြောင်းနှင့်တိုးမိခြင်းဖြစ်သည်။

တပ်မတော်စစ်ကြောင်းက လုံးစိန္တာကို စစ်ဆေးမေးမြန်းနေစဉ် ၄င်းအိတ်ထဲမှ စကားပြောစက် က အသံထွက်လာသဖြင့် သျှမ်းစစ်သားများ၏သတင်းပေးသူ ဟုစွပ်စွဲကာ စစ်ကြောင်းနှင့်အတူ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဖတ်ဖိတ်ကျေးရွာ အုပ်ချုပ်ရေးမှူး စိုင်းအောင်ခမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ လုံးစိန္တာ က ရွာပြင်မှာ ခရီးသွားတွေသောက်တဲ့ ရေအိုးစင်ပျက်နေတာကို သွားပြင်တာ။ စစ်ကြောင်းနဲ့ တွေ့ပြီး စကားပြောစက်ပါတွေ့သွားတော့ ဖမ်းသွားတာပါ။ သူကရွာသားတယောက်ပါ ။ ဘယ်အဖွဲ့နဲ့မှ မဆိုင်ပါဘူး။ ရွာမှာဖုန်းလိုင်းမရှိလို့ရွာသားတွေ စကားပြောစက်ကိုင်ကြရတာဖြစ်ပါတယ် ” ဟု စိုင်းအောင်ခမ်း က ပြောသည်။

ထိုဖမ်းဆီးမှုကြောင့် ဖေဖော်ဝါရီ ၁၇ ရက်က လုံးစိန္တာ ၏ ဆွေမျိုး မိသားစုဝင်များက အဆိုပါစစ်ကြောင်းစခန်းချသည့်နေရာသို့ သွားရောက် ကာ ပြန်လွှတ်ပေးရန်တောင်းဆိုသော်လည်း အဆင်မပြေခဲ့ပေ။

ထို့ကြောင့် ဖေဖော်ဝါရီ ၁၈ ရက် တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ သျှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အဖွဲ့ နှင့် အတူ ရပ်ရွာသူကြီးတို့စုပေါင်းကာ အဆိုပါစစ်ကြောင်းစခန်းချသည့် ၀မ့်ယိမ်းသို့ ထပ်မံလိုက်သွားရာ လုံးစိန္တာသည်မည်သည့် လက်နက်ကိုင် တပ်ဖွဲ့ နှင့် မှ ဆက်သွယ်ခြင်းမရှိကြောင်း ထောက်ခံပြောဆိုရာမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း စိုင်းအောင်ခမ်း က ပြောပြသည်။

“ကျနော်တို့ မြင်တော့ သူ့ဘယ်မျက်လုံး ရောင်နေတယ်။ စစ်ဆေးတာခံရတယ်ထင်တယ်” ဟု စိုင်းအောင်ခမ်း က ဆိုသည်။

ဖတ်ဖိတ်ရွာသားအား ဖမ်းဆီးခေါ်ဆောင်သွားသည့် တပ်မတော်သည် သျှမ်းပြည်တောင်ပိုင်း လင်းခေး၊ မိုင်းပန် ဘက်တွင် လှုပ်ရှားနေသည့် စစ်ကြောင်းဖြစ်ကြောင်းသိရသည်။ သို့သော် တပ်ရင်းအမှတ်ကိုမူ မသိရပေ။

ဖေဖော်ဝါရီ ၁၅ ရက်က ပင်လုံမြို့ နောင်လိုင်ကျေးရွာ အုပ်စု ဘက်တွင် သေနတ်သံ ထွက်ပြီးနောက်ပိုင်း ကျေးရွာအတွင်း အစိုးရစစ်ကြောင်းက စစ်ဆေးမေးမြန်းမှုများ ရှိလာကြောင်း နောင်လိုင်ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အရင်က အစိုးရစစ်ကြောင်းတွေ ရွာကိုဖြတ်သန်းသွားလာတာ အေးဆေးပဲ။ ၁၅ ရက်တုန်းက သေနတ်သံကြားတော့ မေးမြန်းမှုတွေရှိလာတယ်။ အဓိက စကားပြောစက်ရှိလားလို့မေးတယ်” ဟု ၎င်း အမျိုးသား က ပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA လှုပ်ရှားသည့် နယ်မြေဖြစ်သည်။

နောင်လိုင်ကျေးရွာအုပ်စု ဖတ်ဖိတ်ကျေးရွာသည် ပင်လုံမြို့ နှင့် ၄ မိုင်ကျော် ကွာဝေးသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေး ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပေ။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...