Nang Seng Nom — သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA)က ၎င်းတို့ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးများကို တပ်မတော်နှင့် အစိုးရထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၁၄ရက် နံနက်ပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ ကျောက်မဲနှင့် မိုင်းလုံ ကားလမ်း၊ လွယ်ကုန်ကျေးရွာအနီးတွင် ဘိန်းဖြူ (၃၃၀) ဂရမ်နှင့် အမျိုးသား ၄ဦး ကို ဖမ်းဆီးရမိခဲ့ကြောင်း (RCSS/SSA) ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို ဖမ်းဆီးရမိသည့် ဘိန်းဖြူ နှင့် အမျိုးသား(၄) ဦး လွှဲပြောင်းမှုကို ကျောက်မဲမြို့နယ် မန်ခါကျေးရွာအုပ်စုတွင် လွှဲပြောင်းပေးခဲ့သည်။
RCSS/SSA အနေဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးများကို မြန်မာ့တပ်မတော်နှင့် အစိုးရထံ အပ်နှင်းခြင်း တတိယအကြိမ် ဖြစ်ကြောင်း သိရသည်။
RCSS/SSA သည် ၂၀၁၉ ခုနှစ် မေ ၈ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် တစ်ကြိမ်၊ ယခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ကျပ်သိန်း ( ၄၂၅၆ ) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာတွင် တစ်ကြိမ် တပ်မတော်နှင့် အစိုးရထံ အပ်နှင်းခဲ့သည်။







