အာဏာရှင်ဆန်သည့် နိုင်ငံရေးစနစ် ပြန်လည်ထွန်းကားခြင်းမရှိအောင် ဆောင်ရွက်မည်

အာဏာရှင်ဆန်သည့် နိုင်ငံရေးစနစ် ပြန်လည်ထွန်းကားခြင်းမရှိအောင် ဆောင်ရွက်မည်
ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ
ဓာတ်ပုံ- အောင်မြတ်သူ/မဇ္ဈိမ

အောင်မြတ်သူ — ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ တိုင်းရင်းသားခေါင်းဆောင်များမျှော်မှန်းခဲ့သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် အစိုးရအနေဖြင့် သန္နိဋ္ဌာန်ချထားကြောင်း နှင့် အာဏာရှင်ဆန်သည့် နိုင်ငံရေးစနစ်ပြန်လည်ထွန်းကားခြင်းမရှိအောင်ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့ သည်။

ဖေဖေါ်ဝါရီ ၁၃ရက်နေ့မနက်က နေပြည်တော်ရှိ သပြေကုန်းအဝိုင်းတွင် ထားရှိသည့် ဗိုလ်ချုပ်ကြေးရုပ်ဖွင့်ပွဲ၌ မိန့်ခွန်းပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အခြေခံလူ့အခွင့်အရေးများကိုအာမခံမယ့် စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ဖြစ်လာစေရန် ရည်ရွယ်ချက်ထားရှိပြီးလည်းဖြစ်ပါတယ်။ အာဏာရှင်ဆန်၍ ပြည်သူလူုထုကို ဖိစီးနှိပ်စက်မယ့် နိုင်ငံရေးစနစ်မျိုးပြန်လည်ထွန်း ကားခြင်းမရှိစေရန်လည်း ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

အဆိုပါမွန်မြတ်သည့် အိပ်မက်များကိုအကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်အစိုးရက ကြိုးစားဆောင်ရွက်နေသည့်အတွက် ရဟန်း၊ရှင်လူပြည်သူကျောင်းသား ကျောင်းသူတိုင်းရင်းသား များအားလုံးမှ အမျိုးသား အာဇာနည်ခေါင်းဆောင်ကြီး လွတ်လပ်ရေးဗိသုကာကြီး တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ကျေးဇူးဆပ်သောအားဖြင့် ဝိုင်းဝန်းအားပေးကူညီကြရန်လည်း ဆက်လက်တိုက်တွန်းခဲ့သည်။

တိုင်းပြည်နှင့် ပြည်သူလူထုအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ညီညွတ်ရေး စသည့် နယ်ပယ်တွင် လမ်းစဉ်များ လုပ်ငန်း လမ်းညွှန်များကို အမြော်အမြင်ကြီးစွာညွှန်ပြခဲ့သော်လည်း ယခုထိတိုင်ပြီးပြည့်စုံအောင် အကောင် အထည်မဖော်နိုင်ကြသေးတာကို ဝမ်းနည်းဖွယ်ရာတွေ့မြင်ကြရမှာဖြစ်သည်ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

“တိုင်းရင်းသားလူမျိုးများအားလုံးကိုလည်းစုစည်းဦးဆောင်ကာ ဗိုလ်ချုပ်တည်ဆောက်ခဲ့သော ပြည်ထောင်စုတိုင်းရင်းသားများစည်းလုံးညီညွတ်ရေးနဲ့ ပြည်ထောင်စုစိတ်ဓာတ်ထာဝစဉ်ရှင်သန်ရေးတို့ကို ထိန်းသိမ်းကာ ကွယ်ကြပါစို့၊ ဗိုလ်ချုပ်ရည်ရွယ်မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ပန်းတိုင်သို့အရောက်စည်းလုံးညီညွတ်စွာချီတက်ကြ”ရန်လည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဆက်လက်ပြောကြားသည်။

အဆိုပါ ဗိုလ်ချုပ်ကြေးရုပ်တုဖွင့်ပွဲကို နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ၊ အစိုးရ တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ် နှစ်သောင်းဝန်းကျင် တက်ရောက်ခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...