တာချီလိတ်တွင် တရားဝင်ဖွင့်လှစ်ထားသည့် လောင်းကစားရုံ မရှိကြောင်း ရဲမှူးပြော

တာချီလိတ်တွင် တရားဝင်ဖွင့်လှစ်ထားသည့် လောင်းကစားရုံ မရှိကြောင်း ရဲမှူးပြော
SHAN/ထိုင်း- မြန်မာ နယ်စပ် ဂိတ်
SHAN/ထိုင်း- မြန်မာ နယ်စပ် ဂိတ်

ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်ရှေ့ တာချီလိတ်တွင် ဖွင့်လှစ်ထားသည့် လောင်းကစား (ကာစီနို) များသည် တရားဝင် ဖွင့်လှစ်ထားသည့်ရုံ မရှိကြောင်း သတင်းရရှိသည်။

ကာစီနိုသည် လောင်းကစားဥပဒေထဲတွင် ပါရှိပြီး၊ ကာစီနိုဖွင့်ချင်ပါက တရားဝင် စည်းမျဉ်း၊စည်းကမ်း နှင့်အညီ လျှောက်ထားနိုင်ကြောင်း၊ လက်ရှိ တာချီလိတ်တွင် ကာစီနိုကို တရားဝင်လျှောက်ကာ ဖွင့်လှစ်ထားခြင်းမရှိကြောင်း တာချီလိတ်မြို့ ရဲမှူး ညီညီထွေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“တာချီလိတ်က ကာစီနိုတွေ တရားဝင် ဖွင့်တာမရှိဘူး” ဟု ရဲမှူး ညီညီထွေး က ဆိုသည်။

ဖေဖော်ဝါရီ ၆ ရက်၌ ကာစီနိုရုံများ ဝင်ရောက် ဖမ်းဆီးရာတွင် တာချီလိတ်ရှိဟိုတယ်များတွင် လောင်းကစားလုပ်ငန်း ရှိ၊ မရှိ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ က စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ရဲမှူး ညီညီထွေးက “ ကျနော်တို့ လောင်းကစား ရုံ ၆ ရုံ ဖမ်းဆီးထားပါတယ်။ ကျန်တဲ့ မသင်္ကာနေရာတွေကို ဝင်ရှာဖွေပါတယ်။ လက်ရှိမှာ လောင်းကစားမှုနဲ့ အရေးယူတာ ၆မှု ရှိပါတယ်” ဟု ဆိုသည်။

ဖမ်းဆီးထားသည့် လောင်းကစားရုံ ၆ ရုံသည် ဟိုတယ်တွင် ဖွင့်လှစ်သည့် လောင်းကစားရုံများမဟုတ်ကြောင်းလည်း ရဲမှူး ညီညီထွေး ကပြောသည်။

“ ၆ မှု က ဟိုတယ်မှာ မဟုတ်ဘူး။ အပြင်မှာ ဂိမ်းဆော့နေတာပါ။ နီးစပ်တဲ့နေရာမှာ ဖမ်းတာပါ။ ဟိုတယ်မှာတော့ မတွေ့ဘူး ” ဟု လည်း ရဲမှူး ညီညီထွေး က ထပ်လောင်းပြောသည်။

တာချီလိတ်အတွင်း ဖွင့်လှစ်ထားသည့် ကာစီနိုရုံများ ပိတ်သိမ်းလိုက်သည့်အတွက် အလုပ်လက်မဲ့ အလုပ်သမား (၇၀၀၀) ကျော်ရှိသည်ဟု ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။

ထို့ပြင် ကာစီနို ပိတ်သွားသည့်အတွက် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမား (၂၀၀)ဝန်းကျင်သည် ဖေဖော်ဝါရီ ၁၁ ရက်က တာချီလိတ်မြို့ရှိ အလုပ်သမား ညွန်ကြားရေးမှူး ဦးစီးဌာန၏ အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးသို့ သွားရောက်အကူအညီတောင်းခဲ့ကြောင်း သိရသည်။

လောင်းကစားဆိုတာ တရားဥပဒေ ပြဌာန်းထားသည့်အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ မှ အရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အထက်ညွန်ကြားချက်အရ ဖမ်းဆီးရခြင်းဖြစ်ကြောင်း လည်း ရဲမှူး ညီညီထွေး က ရှင်းပြသည်။

“ ကာစီနို က ကျနော်တို့ပိတ်ခိုင်းထားတဲ့ သဘောမဟုတ်ပါဘူး။ ကျနော်တို့အထက်ညွန်ကြားချက်အရ ဖမ်းဆီးတဲ့သဘောမျိုးပါ။ တရားဥပဒေနဲ့အညီ ပြဌာန်းထားတဲ့အတွက် အရေးယူဆောင်ရွက်တာဖြစ်တယ်” ဟု ရဲမှူး ညီညီထွေး က ဖြည့်စွတ် ပြောသည်။

လက်ရှိမှာ တာချီလိတ်မြို့တွင်းရှိ ဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် လောင်းကစားရုံများသည် ပိတ်ထားကြောင်း၊ သို့သော် ထိုင်းနိုင်ငံဘက်မှ လာရောက်အလုပ်လုပ်သည့် အွန်လိုင်းဂိမ်း ဝန်ထမ်းအနည်းငယ်ရှိသေးကြောင်းလည်း တာချီလိတ်ဒေသခံ ကိုစိုး က ပြောသည်။

“ ဟိုတယ်မှာ ဖွင့်ထားတဲ့ ကာစီနိုတွေ ဒီနေ့နဲ့ဆို ပိတ်တာ ၈ရက်ရှိပြီ၊ ဒါပေမယ့် အွန်လိုင်းဂိမ်း မှာလုပ်တဲ့ ထိုင်းလူမျိုးတွေ ဝင်၊ထွက်တာရှိသေးတယ်။ အရင်လိုတော့ အရမ်းမများတော့ဘူး။ ရှိတော့ရှိတယ်။ ဘယ်နေရာမှာဖွင့်နေလဲတော့မသိဘူး” ဟု ကိုစိုးက ဆိုသည်။

ယခင်တွင် တာချီလိတ်မြို့ရှိ လောင်းကစားရုံတွင် လာရောက်အလုပ်လုပ်သည့် ထိုင်းနိုင်ငံသားများ ထောင်ချီရှိကြောင်း၊ လက်ရှိမှာ အနည်းငယ်ကျန်သေးကြောင်းလည်း ကိုစိုးက ပြောသည်။

“ အရင်က အုတ်အုတ်သဲသဲနဲ့ ဝင်၊ထွက်နေတာ။ အခုတော့ မနက်အစောကြီးနဲ့ မိုးချုပ်တဲ့ချိန် သူတို့ကိုယ်ပိုင်ကားနဲ့ပဲ တာလော့ ဈေးမှာ သယ်သွား၊ သယ်လာလုပ်နေတာ တွေ့တယ်။ လိုင်းကားနဲ့တော့ မသွားတော့ဘူး” ဟု ကိုစိုးက သူ့၏ အမြင်ကို ပြောသည်။

ဆက်လက်ပြီး တာချီလိတ်မြို့အတွင်း မှုခင်းကျဆင်းရေး နှင့် တရားဥပဒေစိုးမိုးရေး ရှိစေရန် အတွက် ရက် ၉၀ “ ကျားမင်း စီမံချက်” လှုပ်ရှားနေကြောင်း သိရသည်။

“ ရက် ၉၀ စီမံချက်ဆိုတာ ရက်ပေါင်း ၉၀ မှာ ဖြစ်ပွားလာတဲ့ မှုခင်းတွေကို ကျနော်တို့ အမြန်ဆုံးဖော်ထုတ်နိုင်အောင် ပထမ ခြေလှမ်း ချလိုက်တာပါ” ဟု ရဲမှူး ညီညီထွေး က ဆိုသည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...