သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာသစ်တွင် ဖေဖော်ဝါရီလ ၁ဝ ရက် နံနက် အစောကြီးက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မူဆလင်ကလေးငယ် ၃ ဦးဒဏ်ရာ ပြင်းထန်စွာရရှိသွားကြောင်း သတင်းရရှိသည်။
လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာ ရရှိသွားသူများမှာ မောင်ရာဟင်နာဒိန်(၁၅)နှစ် (ဘ) ရော်ဟိမော်ဒိန်၊ မဟော်ဟွန်မာ(၁၂)နှစ် (ဘ) မာဘူးနှင့် မဇီရာရှား(၃)နှစ် (ဘ) ရှော်ဘီ တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့မှာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ နံနက် ၄ နာရီခန့်က ကျေးရွာအတွင်း အိပ်နေစဉ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး ၁၅ နှစ်အရွယ် ယောကျ်ာလေးတစ်ဦး၏ဦးခေါင်းတွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာဖြင့် သတိလစ်နေကြောင်း ဒေသခံကျေးရွာသားများက နိရဥ္စရာသို့ ပြောသည်။
တောင်ဘွေကျေးရွာသစ်မှ ကာလူးဆိုသူ မူဆလင်တစ်ဦးက “ခေါင်းမှာထိသွားတဲ့ တစ်ယောက်ကတော့ သေမလားရှင်မလားမသိဘူး။ နောက်နှစ်ယောက်ကတော့ ရှင်မယ်။ လူတွေက မြစ်ကနေပစ်တာလို့ပြောပါတယ်။ မြစ်ကပစ်လား၊ ဘယ်ကပစ်လဲ ကျနော်တို့က အိမ်ထဲမှာ အိပ်တော့မသိဘူး။ ဘယ်နှစ်ချက်ပစ်တယ် မပြောနဲ့။ ရေတွက်လို့မရအောင်ပစ်တယ်။” ဟု ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် မောင်ရာဟင်နာဒိန်တွင် ဦးခေါင်းကွဲကာ ဦးနှောက်ဆီများထွက်သွားပြီး ကျန်နှစ်ဦးမှာ လက်မောင်း၊ ပေါင်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယင်းအပြင် နွားတင်းကုတ်တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နွားမတစ်ကောင် သေဆုံးသွားကြောင်း နွားပိုင်ရှင် ကာလူးချေက ပြောသည်။
မျောက်တောင် ကျေးရွာသားတစ်ဦးကလည်း "နေဗီက ပစ်တာ။ နေဗီက တပ်မကနေ တက်လာတာ။ ကျောက်တော်တပ် တပ်မရှိတယ်လေ။ အဲဒီတပ်မက တက်လာလို့ ပစ်တာ။"ဟု ပြောသည်။
တောင်ဘွေကျေးရွာ၏ မြောက်ဘက် ဒက်ဖြူကျေးရွာအနီးတွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများရှိခဲ့သည်ဟု သတင်းရကြောင်း ပြောသည်။
တပ်မတော်ဇက်ရေယာဉ်မှ ပစ်ခတ်သည်ဟု ဒေသခံများက ပြောဆိုထားသည့်အတွက် တပ်မတော်ဘက်သို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပါ။
ကျောက်တော်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က “လက်ကြီးကျပြီး ဒဏ်ရာရရတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒီနေ့ညဉ့်အချိန်မှာတော့ တောင်ဘွေတို့၊ ဒက်ဖြူရွာတို့၊ တင်းမတို့၊ မီးဝတို့ဘက်မှာတော့ လက်နက်ကြီးတွေ အနီးတဝိုက်မှာကျတယ်ဆိုပြီးတော့ အရပ်သားတွေကပြောလို့ သိရပါတယ်။”ဟု ပြောသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေ့လယ်ကလည်း ကျောက်တော်မြို့နယ် ဂုပ္ပီထောင့်ကျေးရွာနှင့် အုတ်ကြွပ်ကျေးရွာအနီး ကုလားတန်မြစ်အတွင်းမှ လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။







