ရသေ့တောင်မြို့နယ်တွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရ

ရသေ့တောင်မြို့နယ်တွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရ

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသွားသူများမှာ ရသေ့တောင်မြို့နယ် ဆင်ခုံးတိုင်ကျေးရွာမှ ဒေါ်ဦးနွဲ့ခင်(၄၁)နှစ်နှင့် ကံဆိပ်ကျေးရွာမှ မူဆလင်အမျိုးသားတစ်ဦးတို့ဖြစ်သည်။

ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ ညနေ ၄ နာရီ မိနစ် ၂ဝ ခန့်တွင် ဆင်ခုံးတိုင်ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ဒေါ်ဦးနွဲ့ခင်၏ ညာဘက်လက်မောင်းရင်းတွင် ပြင်းထန်ဒဏ်ရာရရှိသွားခြင်းဖြစ်သည်ဟု ရွာသားများက ပြောသည်။

ဆင်ခုံးတိုင်ကျေးရွာသားတစ်ဦးက “စံဂိုးထောင်ဘက်ကနေ လက်နက်ကြီးနဲ့ပစ်တယ်။ ကျနော်တို့ ဆင်ခုံးတိုင်ရွာမှာကျတယ်။ ကျတော့ ကျနော်တို့ရွာက ဒေါ်ဦးနွဲ့ခင် ညာဘက်လက်မောင်း ပခုံးရင်း မှာ ဒဏ်ရာရသွားပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ဒဏ်ရာပြင်းထန်စွာရရှိသွားသူ ဒေါ်ဦးနွဲ့ခင်အား ဆေးကုသမှုခံရယူရန် ဘူးသီးတောင်မြို့နယ် စေတီတောင်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်ကိုယ်စားလှယ် ဒေါ်ခင်စောဝေးဝေကလည်း ၎င်း၏မဲဆန္ဒနယ်မှ အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိသွားသည်ကို ဒေသခံများက ဖုန်းဖြင့်သတင်းပေးပို့လာသည့်အတွက် ကြားသိရကြောင်း ပြောသည်။

“ဆင်ခုံးတိုင်ဆိုတာကလေ ကျမရဲ့မဲဆန္ဒနယ် ရသေ့တောင်ထဲမှာ ပါပါတယ်။ အဲတော့ လက်နက်ကြီးကျည်ကျတဲ့အတွက် အိမ်မှာနေရင်းကနေ့ မဦးနွဲ့ခင်ဆိုတဲ့အမျိုးသမီးတစ်ဦး အသက် ၄၁ နှစ်ကတော့ ဒဏ်ရာရသွားတယ်လို့ပြောပါတယ်။ ဒါကလည်း အဲဒီကျေးရွာက သတင်းပေးပို့ချက်အရ သိရပါတယ်ရှင့်” ဟု ‌ဒေါ်ခင်စောဝေ က ပြောသည်။

လက်နက်ကြီးကျည်မှာ ဆင်ခုံးတိုင်ကျေးရွာနှင့် ပေ ၁၀၀ ခန့်တွင်တစ်လုံး၊ ပေ ၂၀၀ ခန့်တွင်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယင်းအပြင် ရသေ့တောင်မြို့နယ် အိုးဖောက်အုပ်စု ကံဆိပ်ကျေးရွာမှ မူဆလင်အမျိုးသားတစ်ဦး၏ပေါင်တွင်လည်း လက်နက်ငယ်ကျည်ဆံထိမှန် ဒဏ်ရာရရှိသွားကြောင်း အာကာတောင်ကျေးရွာမှ မူဆလင်တစ်ဦးက ပြောသည်။

“သူက ဘူးသီးတောင် ညောင်ချောင်းက ဟွန်ဒါစက်လှေနဲ့ လာတယ်လို့ပြောပါတယ်။ သူအပါအဝင် လူ ၃ ယောက်ပါတယ်။ လာတဲ့အချိန်မှာ အိုးဖောက်နဲ့ ကံဆိပ်ကြားကိုအရောက်မှာ အိုးဖောက်ဘက်မှာရှိတဲ့ စစ်တပ်က နေပစ်တယ်လို့ ပြောပါတယ်။ ပစ်လို့ပေါင်မှာဒဏ်ရာ ရသွားတယ်လို့ပြောပါတယ်။ ကျနော်က သွားကြည့်တာ ဒဏ်ရာရလူနာကို။ အဲဒီအချိန်မှာ လူနာကို ဘူးသီးတောင်ဆေးရုံကိုယူသွားပြီ”ဟု ၎င်းက ပြောသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး တပ်မတော်ဘက်သို့ နိရဥ္စရာသတင်းဌာနမှ အကြိမ်ကြိမ်ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရှိခဲ့ပါ။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ဒုတိယအကြိမ် အင်တာနက် ဖြတ်တောက်ခံရပြီးနောက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေမှုကြောင့် အပြစ်မဲ့အရပ်သားများ သေဆုံးဒဏ်ရာရရှိမှု တိုးလာနေကြောင်း တိုက်ပွဲဇုံအတွင်းမှ ဒေသခံများက ပြောပြချက်အရ သိရသည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...