ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ စညင်းစစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်ကာ လူ ၆၀၀ နီးပါးအတွက် ဆန်တစ်အိတ်သာကျန်တော့သည်ဟု သိရသည်။
၎င်းစစ်ဘေးရှောင်စခန်းတွင် စညင်း၊ ဟင်းခရော်၊ အင်ကြင်း၊ လီဟွန် ကျေးရွာ ၄ ခုမှ လူ ၅၇၇ ဦး ခိုလှုံနေကြပြီး ယင်းစစ်ဘေးရှောင်များအား စားနပ်ရိက္ခာလှူရန် လာကြသူများကို တားဆီးစစ်ဆေးကာ ဖြတ်သန်းသွားလာခွင့် မပြုခြင်းများရှိသဖြင့် ရိက္ခာများပြတ်လပ်ကာ ဆန်တစ်အိတ်သာကျန်တော့ကြောင်း စခန်းတာဝန်ခံ ဦးဇင်းသဘာဝနဒီက မိန့်သည်။
“စားနပ်ရိက္ခာပြတ်လပ်နေပါပြီ။ မနက်ဖြန်အတွက် ဆန်တစ်အိတ်ပဲ ကျန်ပါတော့တယ်။ NGOs တွေကလည်း လာမလှူပါဘူး။ အခုထိ အစိုးရဆီကလည်း လှူဒါန်းတာမရှိသလို လာလှူတဲ့ အလှူရှင်တွေကို လမ်းမှာ စစ်ဆေးပြီး ဖြတ်ခွင့်မပြုလို့ ဦးဇင်းတို့ဆီမရောက်တော့ပါဘူး”ဟု ဦးဇင်းသဘာဝနဒီက မိန့်သည်။
စညင်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူကလည်း စားနပ်ရိက္ခာပြတ်လပ်နေသည်ကို အစိုးရအနေဖြင့် ကူညီပေးစေလိုကြောင်း ပြောသည်။ “လာလှူကြတဲ့လူတွေကို ကားလမ်းတွေမှာ စစ်ဆေးတယ်။ ဖြတ်ခွင့်မပေးဘူး။ ဒီစခန်းက တရားဝင်အစိုးရကခွင့်ပြုချက်တော့မရသေးဘူး။ အစိုးရဆီကို တင်ပြထားပါတယ်။ အရင်က ရွာနီးနားတွေက လာလှူတာ နည်းနည်းတော့ရှိတယ်။ အဲဒါနဲ့စားနေကြရတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကလည်း “စားနပ်ရိက္ခာပြတ်နေပြီဆိုတာဟုတ်ပါတယ်။ ကျွန်တော်တို့လည်း လုံခြုံရေးအရ အဲဒီဘက်တွေကို သွားလို့မရသေးတဲ့အတွက် စုပေါင်းပြီးလှူဖို့ လုပ်နေပါတယ်။ မြေပုံက လူမှုရေးအဖွဲ့တွေ၊ ANP ပါတီကလူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပြီး လှူဖို့ လုပ်နေပါတယ်။ အမှန်က အစိုးရမှာ တာဝန် အပြည့်ရှိတယ်လို့မြင်တယ်။ အခုထိ အစိုးရဆီက ဘာတစ်ခုမှ ထောက်ပံ့တာမရှိသေးဘူး”ဟု ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က စားနပ်ရိက္ခာများ မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြတောင်းဆိုနိုင်ကြောင်း ပြောသည်။
“အဲဒါကို မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြထားတာရှိရင် ရမှာပါ။ အဲဒီကျေးရွာအုပ်ချုပ်ရေးမှူးက အဆက်အသွယ်လုပ်ဖို့လိုတယ်။ အဲဒီဘက်တွေမှာ စစ်ဖြစ်နေကြတဲ့နေရာတွေရှိတော့ လာလှူတဲ့သူတွေကို စစ်ဆေးတာဖြစ်နိုင်ပါတယ်။ အဲဒီဟာက အုပ်ချုပ်ရေးပိုင်းက လူတွေနဲ့ညှိရမယ်”ဟု ဝန်ကြီးဦးဝင်းမြင့်က ပြောသည်။
မြေပုံမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစိန်လှမောင်က စားနပ်ရိက္ခာပြတ်လပ်နေသည်ကို ၎င်းတို့ထံ တင်ပြလာခြင်း မရှိသေးဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
စညင်းစစ်ဘေးရှောင်စခန်းကို ဇန်နဝါရီလအတွင်းတွင် ကိုယ်ထူကိုယ်ထတည်ဆောက်ထားခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့ညက စခန်းတွင်းရှိ တဲအိမ်အချို့နှင့် ဗီနိုင်းဆိုင်းဘိုးအချို့ ဖျက်ဆီးခံခဲ့ရမှုရှိခဲ့သည်။







