ကျောက်တော်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ တပ်မတော်က ရဟတ်ယာဉ်များဖြင့်တိုက်ခိုက်ဟု ဒေသခံများပြော

ကျောက်တော်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ တပ်မတော်က ရဟတ်ယာဉ်များဖြင့်တိုက်ခိုက်ဟု ဒေသခံများပြော

သန့်မြတ်ခိုင်၊ ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက်က  တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး တပ်မတော်ဘက်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

ကျောက်တော်မြို့နယ် အထက်တင်းမကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၃ နာရီခန့်က စတင်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ ရဟတ်ယာဉ် ၂ စီးဖြင့် ၄ ကြိမ်၊ ၅ ကြိမ်အထိ လာရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ရဟတ်ယာဉ်နဲ့ တောင်ကုန်းတွေကို ပစ်တာပါ။  ပြောမယ်ဆိုရင် ရဟတ်ယာဉ်တစ်ခေါက်လာတယ်။ လေးငါးချက် ပစ်တယ်။ ပစ်ပြီးတော့ အနီးအနားကို ပတ်ပြီးတော့ လှည့်ပျံတယ်။ နောက်ထပ်လာပစ်တယ်။ အဲလို ၄ ကြိမ်၊ ၅ ကြိမ်လောက်ပစ်ခဲ့ပါတယ်”ဟု အထက်တင်းမကျေးရွာမှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက တိုက်ပွဲဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားသည်။

“တိုက်ပွဲဖြစ်တာတော့ရှိတယ်။ ရဟတ်ယာဉ်နဲ့မပစ်ဘူး။ ရဟတ်ယာဉ်နဲ့ လေကြောင်း ကင်းထောက်တာတွေ ဘာတွေတော့ရှိတယ်။ ရိက္ခာတွေဘာတွေသွားချတာတော့ရှိတယ်။ တိုက်ပွဲဖြစ်နေတယ်ဆိုတာ သူပစ်ကိုယ်ပစ် ဖြစ်တာပေါ့။ ကျနော်တို့ နယ်မြေရှင်းလင်းတဲ့ဟာကို ထိတွေ့ပြီးဖြစ်တာ”ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်အစပ်တို့တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမှာ ၃ ရက်တိုင်တိုင်ရှိနေပြီဟု ရက္ခိုင့်တပ်တော်(AA)ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက နိရဥ္စရာသို့ပြောသည်။

“တိုက်ပွဲက ကြိုကြား ကြိုကြား ဆက်ဖြစ်တုန်းဆိုတော့ တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ်တွေကိုတော့ မသိရသေးဘူး။ နောက်ပြီးတော့ တင်းမရွာနားတဝိုက်က တောင်ကုန်းတွေမှာလည်း တိုက်ပွဲဖြစ်နေတာရှိတယ်”ဟု‌ ဦးခိုင်သုခက ပြောသည်။

ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျောက်တော်မြို့နယ်အတွင်း မီးဝ၊ မုန့်သန်းပြင်၊ ဂြင့်ခါးစေ့၊ ကျောက်တန်း၊ မွန်ထောင့်၊ ပြိုင်းတိုင်း၊ တင်းမ စသည့်ကျေးရွာများနှင့် ကျောက်တော်မြို့ပေါ်သို့ ပြေးဆွဲနေသည့် လိုင်းဘုတ်များသည်လည်း မပြေးဆွဲနိုင်ဘဲဖြစ်နေကြကြောင်း သိရသည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...