တိုက်ပွဲကြားပိတ်မိနေသူများကို ကယ်ဆယ်နေရာချထားပေးရေးမှာ အစိုးရ၏တာဝန်ဟု လွှတ်တော်ကိုယ်စားလှယ်ဆို

တိုက်ပွဲကြားပိတ်မိနေသူများကို ကယ်ဆယ်နေရာချထားပေးရေးမှာ အစိုးရ၏တာဝန်ဟု လွှတ်တော်ကိုယ်စားလှယ်ဆို

ချစ်အိလှိုင် — တိုက်ပွဲဖြစ်ပွားနေသောနေရာများတွင် ပိတ်မိနေသူဒေသခံများကို ကယ်ဆယ်နေရာချထားရေးမှာ အစိုးရတွင် တာဝန်အများဆုံးရှိသည်ဟု ရသေ့တောင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လတ်ကပြောသည်။

တိုက်ပွဲကြား ပိတ်မိနေသည့် ရသေ့တောင်မြို့နယ်မြောက်ပိုင်း ကျေးရွာနှစ်ရွာမှ တိုက်ပွဲကြား ပိတ်ကျန်ခဲ့သူ ကလေး ၂ဝ ကျော် အပါအဝင် ကျေးရွာသား ၅၇ ဦးအား ရသေ့တောင် မြို့နယ် စည်းကမ်း ထိန်းသိမ်းရေး သံဃာအဖွဲ့နှင့် စေတနာဝန်ထမ်း လူငယ်တစ်စုမှ သွားရောက် ကယ်ထုတ်ခဲ့ပြီးနောက် ၎င်းကျေးရွာသား စစ်ဘေးရှောင်များအား ရသေ့တောင်မြို့ပေါ်တွင် နေရာချထားပေးရေးနှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဦးခင်မောင်လတ်က ထိုသို့ ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။  

“ အဲဒီကလူတွေက စားနပ်ရိက္ခာတွေမရှိတော့ဘူးဆိုပြီး ဆက်သွယ်လာတာ သုံးရက်လောက်ရှိပြီ။ မနေ့က တိုက်ပွဲဖြစ်တော့ သွားကယ်ဖို့မရခဲ့ပါဘူး။ အခု ကယ်လာတဲ့လူတွေကို ထားဖို့ နေရာ အခက်ခဲရှိမယ်။ ရသေ့တောင်မှာလည်း စစ်ဘေးရှောင်တွေနဲ့ပြည့်နေပြီ။ နေဖို့နေရာအတော် ခက်ခဲနေပါတယ်”ဟု ပြောသည်။

၎င်းကျေးရွာသား ၅၇ ဦးမှာ  ရသေ့တောင်မြို့နယ်၊ အောင်ဇေယျ (ကုလားချောင်း) ကျေးရွာနှင့် မညင်းတောင်ကျေးရွာနှစ်ခုမှ ဖြစ်ကြပြီး  ရွာထဲတွင် ရက်အနည်းခန့် ပိတ်မိနေခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သွားရောက်ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

ရသေ့တောင်မြို့နယ် စည်း/ထိန်း သံဃာအဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဆရာတော် ဦးပညာသာမိက ကျေးရွာသား ၅၇ ဦးကို ကယ်ထုတ်ရန်အတွက် ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး၏  ခွင့်ပြုချက်နဲ့ သွားရောက် ကယ်ထုတ်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုသည်။

“နယ်/လုံဆီက ခွင့်ပြုချက်တောင်းပေးလိုက်ပါတယ်။ သွားတဲ့အဖွဲ့ကို ရွာထဲမှာရှိတဲ့ စစ်သားတွေ စစ်ဆေးတာ ရှိတယ်လို့ပြောတယ်။ ဦးဇင်းက နယ်/လုံဆီက ခွင့်ပြုချက်ပါတယ်လို့ သွားပြော လိုက်ပါဆိုတော့ သွားပြောတဲ့အခါ အဆင်ပြေသွားတယ်” ဟု မိန့်သည်။

ယခုကဲ့သို့ သွားရောက်ကယ်ထုတ်ရာတွင် အနှောင့်အယှက်တစ်စုံတရာပေးခြင်းမရှိခဲ့ဟုလည်း ပြောကြားသည်။

သွားရောက်ကယ်ဆယ်ရာတွင် ပါဝင်သူ ကိုကျော်မင်းခိုင်က “ကျွန်တော်တို့ရောက်သွားတော့ အိမ်တစ်အိမ်တည်းမှာ အကုန် စုထိုင်ထားတယ်။ ရွာသားတွေ ပြောတာတော့ အိပ်ရတာ၊ နေရတာ အဆင်မပြေဖြစ်ခဲ့ကြတယ်လို့ပြောတယ်။ ကျွန်တော်တို့ကို အနှောက်ယှက်ပေးတာ မရှိပါဘူး”ဟု ပြောသည်။

ရသေ့တောင်မြို့နယ် ညောင်ပင်လှကျေးရွာနှင့် မညင်းတောင်ကျေးရွာတို့အနီးတွင်လည်း ဇန်နဝါရီ( ၁၀/၁၁)ရက်နေ့များတွင်လည်း တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက်  ညောင်ပင်လှကျေးရွာတွင် ၅ ရက်ကြာပိတ်မိနေသူလူ ၃ဝ ကျော်အား တက်ကြွလှုပ်ရှားသူ လူငယ်တစ်စုနှင့် မြို့နယ် သံဃာ့နာယက အဖွဲ့မှ ဆရာတော်သုံးပါးတို့က  စုပေါင်းကယ်ထုတ်ခဲ့ရသည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...