ခိုင်လူလှ (ရိုးမမြေ) - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မြောက်ပိုင်း အောင်ဇေယျ(ကုလားချောင်း)ရွာနှင့် ပြိန်းတောရွာ အကြားရှိ လယ်ကွင်းများ ဖေဖော်ဝါရီ ၅ ရက်နှင့် ၆ ရက်နေ့များက မီးရှိုခံခဲ့ရသည်ဟု ကျေးရွာသားများက ပြောသည်။
ထိုသို့လယ်ကွင်းများ မီးရှို့ခံရသဖြင့် လယ်ကွင်းထဲ ကောက်ရိုးပုံများ၊ ကောက်လိူင်းပုံများ၊ စပါးပုံများ၊ တဲများ အကုန်လုံး မီးထဲပါသွားသည်ဟု ကျေးရွာသားများက ပြောသည်။
ပြိန်းတော ကျေးရွာသား တစ်ဦးက “ စစ်သားတွေကမီးရှို့တာ။ ဒီပြိန်းတောကျေးရွာနဲ့ အောင်ဇေယျ ကျေးရွာကြားက လယ်ကွင်း တွေလေ ကောက်ရိုးပုံတွေ၊ စပါးပုံတွေ၊ လယ်သမား တွေမှာ ရိတ်ထားတဲ့၊ သိမ်းထားတဲ့ စပါးတွေအကုန်လုံး မီးလောင်သွားတဲ့ဟာမှာပါသွားတယ်။ ရှို့တာ ကတော့ ၁၂ နာရီလောက် ကတည်းက ရှို့တာ။ ဒီဖက်မှာ ချောင်းလေးတစ်ခုရှိတယ်။ အဲချောင်းနားကို ရောက်မှ မီးငြိမ်းသွားတယ်။ ကျနော်တို့မြင်ရတယ်။ မီးရှို့နေတာကို မီးလောင် နေတာကိုမြင်လို့ ကျနော်တို့ရွာက အကုန်လုံးထွက်ပြေးသွားတယ်။ ကျတော်တို့လည်း ထွက်ပြေး သွားတဲ့အထဲမှာပါတယ်။
စစ်သားတွေကတော့ မီးရှို့တဲ့ အနီးက အောင်ဇေယျရွာကန်ဘောင်မှာ သူတော့ အယောက် ၂၀၊ ၃၀ လောက်တော့ ရပ်ပြီးတော့မြင်ရတယ်။ ကျနော်တို့ လယ်ကွင်း တွေမှာ ရှိတဲ့ ကောက်ရိုးပုံတွေကို သူတော့ ကိုယ်တိုင်သွားရှို့တာကိုလည်း ကျနော်တို့ အကုန်မြင်ရတယ်။ အဝေးကလှမ်းကြည့်လည်း မြင်ရတယ်။ ဧကကိုတော့ ကျနော်တို့ တောကျေးရွာတွေ အတိုင်းအတာနဲ့ ပြောရရင် ဧက ၆၀၀ နီးပါးတော့ လောင်သွားတယ်။ စပါးကတော့ ကျနော်တို့ခေါ်တဲ့ ကောက်ကြီးစပါးလို့ခေါ်တဲ့ စပါးတွေ ရိတ်ထားတဲ့ စပါး တွေကတော့ နည်းနည်းပါသွားတယ်။ နောက်ပြီးတော ကောက်ရိုးပုံတွေလေ ကျွဲစားမလို့ ပုံထားတဲ့ပုံထားတဲ့ ကောက်ရိုးပုံတွေ။ နောက်ပြီးတော့ စပါး တလင်း မနယ်ရသေးတဲ့ ကောက်ပုံတွေပါသွားတယ်။ ကျနော်တို့ ပြိန်းတောရွာက ယောကျ်ား အားကောင်းမောင်းသန်တွေ အကုန်လုံးကတော့ အနီး အနားမှာ ရှိတဲ့ ရွာတွေ မြစ်တစ်ဖက်က ရွာတွေကို ထွက်ပြေး သွားကြတယ်။ တိုက်ပွဲ ဖြစ်တာ ကတော့ တစ်ရက်နှစ်ရက်ရှိပြီ။ မီးရှို့တာကတော့ မနေ့က ဖေဖော်ဝါရီ ၅ ရက်နေ့က စရှို့တယ်။ ဖေဖော်ဝါရီ ၆ ရက် လယ်ကွင်းတွေကို ရှို့တယ်။ မနေ့ကလဲရှို့တယ်။ ဟိုတစ်နေ့ကတော့ မညင်းတောင် အောက်က လယ်ကွင်း တွေကို ရတယ်။ မနေ့က ရှို့တာက တော့ အောင်ဇေယျနဲ့ ပြိုင်းတော့ ကြားက လယ်ကွင်းတွေကို ရှို့တယ်။ အများကြီးပါသွားတယ်။ ဧက ၆၀၀ လောက်ပါသွားတယ်” ဟု ပြောဆိုသည်။
ရသေ့တောင်သို့ ထွက်ပြေးလာသူ အမျိုးသမီး တစ်ဦးက “ကျွန်မတို့တဲလည်း မီးလောင်တဲ့အထဲမှာ ပါသွားတယ်။ ကျွန်မတို့မှာ ငါးဖမ်းပိုက်တွေရှိပါတယ်။ ငါးဖမ်းပိုက်တွေလည်း အကုန်လုံးပါသွားပါတယ်။ စပါးကောက်လိူင်းတွေလည်း အကုန်လုံး မီးလောင်သွားပါတယ်” ဟု ပြောဆိုသည်။ သူမ သိသလောက် အောင်ဇေယျကျေးရွာမှ ဒေါ်သိန်းနု၊ ဒေါ်မဝင်းနွယ်၊ ဦးကျော်ဝင်းချေနှင့် ဦးကျော်ထွန်းသာတို့ တဲများလည်း မီးထဲပါသွားသည်ဟု ပြောဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က “ အတည်ပြုနိုင်ပါတယ်။ သူတို့ မြင်ရတယ်။ အဲဒီဒေသတစ်ဝိုက်ကို မီးခိုးတွေ မှိုင်းနေတာ သူတော့ ပြောတယ်။ တဲလေးတွေ၊ လယ်ကွင်းတွေ၊ ကောက်ရိုးရှိတဲ့နေရာတွေ၊ စပါးပုံတွေ အဲတာတွေကို မီးရှို့ခံရတယ်လို့ပြောတယ်။ ဒီဟာတွေတို့ အင်တာနက်ပိတ်ထားတာနဲ့ပတ်သက်မယ်လို့ထင်တယ်။ ဟိုတုန်းက တော့ ဒါမျိုးတွေ မရှိဘူး။ ဒီလိုလယ်ကွင်းတွေကိုမီးရှို့တာကတော့ မကြားဖူး။ ခုကတော့ နေရာ အကျယ်ကြီး အဝေးကတောင် မြင်နေရတယ်ဆိုတော့ ပမာဏများများပေါ့။ အဲဒါနဲ့ အင်တာနက် ပိတ်ထားတာနဲ့ပတ်သက်မယ်လို့ ထင်တယ်” ဟု ပြောကြားသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းသို့ ဆက်သွယ်ရာ ၎င်းအနေဖြင့် အဆိုပါ သတင်းကို မသိရှိရသေးကြောင်း ပြောကြားသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပါ။







