လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရရှိခဲ့သည့် ရေပုတ်ကျေးရွာမှ အမျိုးသမီး နှစ်ဦး စစ်တွေဆေးရုံသို့ ရောက်ရှိ

လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရရှိခဲ့သည့် ရေပုတ်ကျေးရွာမှ အမျိုးသမီး နှစ်ဦး စစ်တွေဆေးရုံသို့ ရောက်ရှိ

နီမင်းထွန်း  — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေပုတ်ကျေးရွာမှ နေအိမ်ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာရသည့် အမျိုးသမီး ၂ ဦး ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စစ်တွေဆေးရုံသို့ ရောက်ရှိကြောင်း သတင်းရရှိသည်။

လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိသူများမှာ ရေပုတ်ကျေးရွာမှ ဒေါ် ယဉ်ကျော့နု(၄၆)နှစ် နှင့် ၎င်း၏ အစ်မဖြစ်သူ၏ သမီး မစောတင်မာ(ခ) မပိုးဖြူသိန်း(၁၈)နှစ်တို့ ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဖေဖော်ဝါရီ ၆ ရက် ညနေ ၆ နာရီခန့်က နေအိမ်ထဲတွင် ထိုင်နေစဉ် လက်နက်ကြီးကျည်စ ကျရောက်၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒဏ်ရာရသူ မစောတင်မာက ပြောသည်။

"မနေ့က ၆ နာရီလောက်မှာ လက်နက်ကြီးတွေနဲ့ အများကြီး ပစ်တယ်။ ဘယ်ကပစ်တာလဲ မသိဘူး။ ကျမတို့ အိမ်အောက်မှာထိုင်နေတာ အိမ်ဝန်းထဲမှာ လက်နက်ကြီးကျည်လာကျတယ်။ ဒါကြောင့် ကျည်စထိလို့ဒဏ်ရာရသွားတာ"ဟု ဒဏ်ရာရသူ မစောတင်မာ ကပြောသည်။

၎င်း လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် မစောတင်မာ၏ပေါင် တွင်ဒဏ်ရာရပြီး ဒေါ်ယဉ်ကျော့နုတွင် ညာဖက်ခြေထောက် ကျိုးသွားသည်ဟု သိရသည်။ ဒေါ်ယဉ်ကျော့နု၏ အခြေအနေမှာ စိုးရိမ်နေရကြောင်း သိရသည်။

ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက ရေပုတ်ကျေးရွာ အနောက်ဘက်မှ ငစံဘော်ချောင်းဝအလွန် မေယုမြစ်တွင် ရှိနေသည့် တပ်မတော်ဇက်ရေယာဉ်ပေါ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲမှုကြောင့် ထိုသို့ဒဏ်ရာ ရရှိသွားခြင်းဖြစ်ကြောင်း ရေပုတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝေသိန်းက ပြောဆိုထားသည်။

“မေယူမြစ်က လှမ်းပစ်တာပါ။ အကွာအဝေးက ၂ မိုင်လောက်ရှိမယ်ထင်တယ်။ ဘယ်နှစ်ချက် ပစ်လဲဆိုတာ ရေတွက်လို့မရဘူး။ အများကြီးပစ်တာပါ။ ရွာထဲက အိမ်ကိုလာကျတာပါ” ဟု ဦးမောင်ဝေသိန်းက ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးအပါအဝင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကို နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုမှု မရှိခဲ့ပါ။

ရခိုင်ပြည်နယ်အတွင်းမှ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြေပုံစသည့် မြို့နယ်များအပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်များကို ယခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စ အင်တာနက်လိုင်း ဖြတ်တောက်အပြီးတွင် ဒေသခံများ ထိခိုက် ဒဏ်ရာရမှုများ၊ သေဆုံးမှုများလည်း ပို၍များပြား လာကြောင်းတွေ့ရသည်ဟု ဒေသခံများက ပြောသည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...