တရားမဝင် ရေလုပ်ငန်းနှင့် ကျားဖောင်များ လူကုန်ကူးမှုဖြစ်စေဟု ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်း

တရားမဝင် ရေလုပ်ငန်းနှင့် ကျားဖောင်များ လူကုန်ကူးမှုဖြစ်စေဟု ပြည်နယ်လွှတ်တော်သို့ အဆိုတင်သွင်း

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း တရားမဝင် ရေလုပ်ငန်းနှင့် ကျားဖောင်များသည် လူကုန်ကူးမှုဖြစ်စေသည့် အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်း ချောင်းဆုံမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက အဆိုတင်သွင်းခဲ့သည်။

ဖေဖော်ဝါရီ ၆ ရက်တွင် ကျင်းပသည့်မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၌ ယင်းအဆိုကို တင်သွင်းခြင်း ဖြစ်သည်။  

“တရားမဝင်လုပ်ကိုင်နေတဲ့ ငါးဖမ်းလှေတွေ၊ ငါးလုပ်ကွက်တွေ၊ ကျားဖောင်တွေဟာ တနည်းအားဖြင့် လူကုန်ကူးမှုတွေ၊ လူကုန်ကူးမယ့်ဖြစ်စဉ်တွေ၊ ဒုစရိုက်လုပ်ငန်းတွေ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စေတဲ့  အကြောင်းအရင်းတစ်ချက်လို့ ကျနော့်အနေနဲ့ တင်ပြလိုတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

ထို့ပြင် တရားမဝင်ငါးဖမ်းလှေ၊ ငါးဖမ်းလုပ်ကွက်များ၊ ကျားဖောင်များအား ဖော်ထုတ်အရေးယူမှုများ အလေးထားဆောင်ရွက်ရန်နှင့် ထိရောက်စွာဖော်ထုတ်အရေးယူပေးရန် ၎င်းက ဆက်လက်တင်ပြသည်။

 “ယမန်နှစ် ၂၀၁၉ နှစ်ဆန်းပိုင်းကတည်းကိုက ရေးမြို့နယ်နဲ့ဆက်စပ်နေတဲ့ တရားဝင်ငါးလုပ်ငန်းတွေဟာ ၄၀၀ ကျော်အထိရှိခဲ့တယ်၊ ဒီနှစ် နှစ်ဆန်းပိုင်းမှာ ထောင်ကျော်အထိ အဆမတန်ကြီးထွားများပြားလာတာကို လေ့လာတွေ့ရှိရပါတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

တရားမဝင်ငါးလုပ်ကွက်များတိုးပွားလာပြီး ရေလုပ်သားလိုအပ်မှုများပြားလာသဖြင့် လူကုန်ကူးမှုဖြစ်စဉ်များ ပေါ်ပေါက်လာသည့်အတွက် ဒေါက်တာအောင်နိုင်ဦးအဆိုကို မွန်ပြည်နယ်လွှတ်တော်အနေဖြင့် လိုက်နာဆောင်ရွက်သင့်ကြောင်း ရေးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က ထောက်ခံခဲ့သည်။

“သက်ဆိုင်ရာဌာနများနှင့် လက်တွေ့ကြီးကြပ်နိုင်စွမ်း အားနည်းမှုကြောင့် တရားမဝင်ငါးဖမ်းလုပ်ငန်းများ၊ တရားမဝင်ငါးဖမ်းလှေများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည့်အတွက် အမှန်အကန်လုပ်ဆောင်နေကြတဲ့ ငါးဖမ်းလုပ်ငန်းရှင်တွေက များစွာနစ်နာနေရတယ်” ဟု ဦးချစ်တင်က ဆိုသည်။

မွန်ပြည်နယ်တွင် ငါးဖမ်းကွက် ၁၄ ကွက်ရှိပြီး ရေးမြို့နယ်အတွင်း တရားမဝင် လုပ်ကိုင်နေသော ငါးလုပ်ငန်း ၄ဝဝ ကျော်အထိ ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ရေးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနစာရင်းအရ ၂၀၁၈-၁၉ ခုနှစ် ငါးဖမ်းရာသီကာလအတွင်း ရေးမြို့နယ်တွင် ကမ်းနီးငါးဖမ်းရေယာဉ် ၃၈၇ စင်း၊  ကမ်းဝေးရေယာဉ် ၁၉၅ စင်း၊ ကျားဖောင် အစီး ၁၀၀၀ ကျော်ရှိပြီး ရေလုပ်သား ၄၅၀၀ ယောက်ခန့်ကို  ရေလုပ်သားလက်မှတ်ထုတ်ပေးခဲ့သည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...