ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မူဆလင်များအားကျောက်ဖြူမြို့တွင်းသို့ ပြောင်းရွှေ့ရန် ညှိနိုင်းဆောင်ရွက်မှုများရှိနေ

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မူဆလင်များအားကျောက်ဖြူမြို့တွင်းသို့ ပြောင်းရွှေ့ရန် ညှိနိုင်းဆောင်ရွက်မှုများရှိနေ

ချစ်အိလှိုင် — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ကျောက်တစ်လုံး ဒုက္ခသည်စခန်းမှ မူဆလင်များကို ၎င်းတို့ ယခင်နေထိုင်ခဲ့ရာ ကျောက်ဖြူမြို့ထဲသို့ ပြောင်းရွှေ့ နေရာချထားရန် ညှိနိုင်းဆောင်ရွက်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မူဆလင်များအား ပြောင်းရွှေ့ရေးနှင့် ပတ်သက်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုအပါအဝင် ပြည်နယ် အစိုးရ ဝန်ကြီးများသည် ဖေဖော်ဝါရီ ၃ ရက်နေ့၊ နေ့လယ် ၁ နာရီက ကျောက်ဖြူမြို့ အစိုးရရပ်ကွက်ရှိ ထွေအုပ်ရိပ်သာတွင် မြို့မိ၊ မြို့ဖများ၊ ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မူဆလင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်တစ်လုံးဒုက္ခသည်စခန်းမှ မူဆလင်များကို ချက်ချင်းပြောင်းရွှေ့နေရချထားမည်မဟုတ်ဘဲ လက်ရှိတွင် ဒေသခံများ၏ အသံကိုနားထောင်ရန်လာရောက်ခြင်းသာဖြစ်သည်ဟု ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုခဲ့ကြောင်း တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူများက ပြောကြားသည်။

မူဆလင်များကို မြို့တွင်းတွင် နေရာချထားပေးမည့်ကိစ္စကို ဒေသခံများက မလိုလားဖြစ်နေကြပြီး ၎င်းမှာ နှစ်ဖက်ပြဿနာကြီးထွားအောင် လုပ်နေခြင်းဖြစ်သည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ကျောက်ဖြူမြို့မိမြို့ဖ ဦးလှမျိုးကျော်က ပြောသည်။

“ဒေသခံတွေက မြို့ထဲကို ပြန်သွင်းဖို့ သဘောမတူကြဘူး။ သူတို့အနေနဲ့အခုလိုနေတာက လုံခြုံသလို ကျွန်တော်တို့လည်း လုံခြံုတယ်။ ဒီလိုတည်ငြိမ်နေတဲ့အခြေအနေမှာ နောက်ထပ် အသွင်တစ်ခု ကူးပြောင်းမယ်ဆိုရင် ပြဿနာတက်လာနိုင်တယ်” ဟု ဦးလှမျိုးကျော်က နိရဥ္စရာသတင်းဌာနကို ပြောသည်။

ကျောက်ဖြူမြို့နယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “ မြို့မိ၊ မြို့ဖတွေက ကန့်ကွက်တယ်။ ဘာလို့ ကန့်ကွက်ရလဲဆိုတော့ ကျောက်ဖြူမြို့နယ်ဟာ တည်ငြိမ်အေးချမ်း နေတယ်။ နှစ်ဘက်လုံးကလည်း ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလပဲဖြစ်တယ်။ အခုလိုသာ လုပ်လိုက်မယ်ဆိုရင် လွန်ခဲ့တဲ့ မသီတာထွေးကိစ္စဖြစ်ခဲ့သလို မဖြစ်လာနိုင်လို့ မပြောနိုင်ဘူးလို့ ပြောကြတယ်”ဟုပြောသည်။

အဆိုပါကျောက်တစ်လုံးဒုက္ခသည်စခန်းသည် ၂ဝ၁၂ ခုနှစ်အတွင်းက လူမျိုးစုနှစ်ခု အကြား ဖြစ်ပွားခဲ့သည့်ပဋိပက္ခများကြောင့် ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အရာရှိရပ်ကွက်၊ ပိုက်သည်ရပ်ရပ်ကွက်၊ သမ္ဗာန်ချောင်းရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက်များမှ မူဆလင်များကို စုစည်းနေရာချပေးထားသည့်စခန်းတစ်ခုဖြစ်သည်။

အဆိုပါစခန်းတွင် မူဆလင် အိမ်ထောင်စု ၃၆၃ စုရှိပြီး လူဦးရေအားဖြင့် ၁ဝ၁ဝ ဦး နေထိုင်လျက် ရှိသည်ဟု သိရသည်။

“သူတို့အနေနဲ့ ဝင်ချင်မှာပဲ။ ဒါပေမဲ့ အရင်ကလို ရခိုင်တွေနဲ့ ကြားမှာ ဘယ်လောက် သဟဇာတ ဖြစ်နိုင်မလဲဆိုကိုတော့  ဦးလေးတို့အနေနဲ့ပြောဖို့ခက်တယ်”ဟု ကျောက်ဖြူမြို့နယ် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းလွင်ကပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက “ဒေသခံကတော့ မြို့ထဲကို မလာစေချင်ဘူး။ IDP ကလူတွေက မြို့ထဲသွားချင်တယ်။ သူတို့ကို ညှိခိုင်းတုန်းပဲ။ ပြည်သူတွေရဲ့သ ဘောထား တောင်းဆိုမှုတွေ အပေါ်မှာပဲ လုပ်ဆောင်ပေးရမှာပေါ့။ သူတို့က မတောင်းဆိုပါဘူး။ ဘယ်လိုဖြစ်ဖြစ်နေ နေကြတယ်။ ဒါပေမဲ့နိုင်ငံတော်ရဲ့ မဟာဗျူဟာက IDP Camp တွေကိုပိတ်သိမ်းဖို့ ဆောင်ရွက်တာပဲ ဖြစ်ပါတယ်”ဟုပြောသည်။

ကျောက်တစ်လုံး IDP စခန်းရှိ နေရပ် စွန့်ခွာသူများအား ပြန်လည်နေရာချ ထားရေး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ အမျိုးသားအဆင့် မဟာဗျူဟာနှင့် အညီ ဆောင်ရွက်နိုင်ရန် ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

April 22, 2026
ဆောင်းဦးမာန် — ရန်ကုန်မြို့မှ ရခိုင်ပြည်၊ မာန်အောင်မြို့သို့ ပြေးဆွဲမည့် လေကြောင်းခရီးစဉ်ကို...
April 21, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ကမ်းရိုးတန်းမှတစ်ဆင့် တောင်ကုတ်နှင့်ရမ်းဗြဲမြို့နယ်များအား...
April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...