သန့်မြတ်ခိုင် - ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ လစာငွေ ကျပ်သိန်း ၄၀ ကျော်ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းဆည်းလိုက်သည်ဟု သတင်းရရှိသည်။
ဖေဖော်ဝါရီ ၅ ရက် နံနက်ပိုင်း ၁၀ နာရီဝန်းကျင်က ပလက်ဝမြို့မှ ဒရွန်အိုင်ကျေးရွာသို့ ထွက်ခွာ လာသည့် စက်လှေတစ်စီးကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက တားဆီး စစ်ဆေးစဉ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပိုင်သည့် ငွေကျပ်သိန်း ၄၀ ကျော်ပါလာသည်ကို တွေ့ရှိရသဖြင့် သိမ်းဆည်း လိုက်ကြောင်း AA ပြောခွင့်ရ ခိုင်သုခက နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။
“မနေ့က ဒီကျီးလယ်ရွာဘက်မှာ စက်လှေတချို့ကို ကျနော်တို့ လုံခြုံရေးအရ ရက္ခိုင့်တပ်တော် တပ်ဖွဲ့တွေက ရပ်တန့်စစ်ဆေးခဲ့တာရှိတယ်။ အဲလိုစစ်ဆေးတဲ့အချိန်မှာ ဒီမြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပိုင်တဲ့ ပိုက်ဆံ ၄၃၄၉၀၀၀ ပေါ့နော်။ အဲဒီလောက်တွေ့တာရှိတယ်။ အဲဒါကြောင့်မို့လို့ စစ်ဆေး နေတဲ့နေရာမှာ ရန်သူလက်နက်ကိုင် အဖွဲ့တွေပိုင်တဲ့ ပိုက်ဆံဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ဖက်က သိမ်းဆည်းလိုက်တာရှိတယ်” ဟု ခိုင်သုခက ပြောသည်။
စက်လှေပေါ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပိုင်သည့် ငွေအပြင် အစိုးရဝန်ထမ်း ကျောင်းဆရာ/ ဆရာမများ၏ လစာငွေလည်း ပါရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ၏ ငွေကိုသာ သိမ်းဆည်း လိုက်ပြီး ကျောင်းဆရာ/ဆရာမများ၏ လစာငွေကို ပြန်လည် ပေးအပ်လိုက်ကြောင်း ခိုင်သုခက ဆက်ပြောသည်။
“ကျောင်းဆရာ/ဆရာမတွေရဲ့ လစာငွေ သိန်း ၂၀ ကိုတော့ ကျနော်တို့ ပြန်ပေးလိုက်တယ်။ ကျနော်တို့ အဲဒီကိစ္စဘာမှ လုပ်စရာမရှိဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပိုက်ဆံ အဲဒီဥစ္စာကိုတော့ ကျနော်တို့သိမ်းဆည်းလိုက်တယ်။ ဒါစစ်ဖြစ်နေတဲ့နေရာမှာ ရန်သူလက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တဲ့ ဟာတွေဟူသမျှကို ဒါကျနော်တို့ဘက်က သိမ်းသင့်ရင် သိမ်းရမှာဘဲ။ ဖျက်ဆီး သင့်ရင် ဖျက်ဆီးရမှာဘဲ။ ဒါစစ်ရဲ့သဘောသဘာဝ” ဟု ၎င်းက ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး သဘောထား မေးမြန်းတင်ပြရန် ရခိုင်ပြည်နယ် ဒုပြည်နယ်ရဲမှူး မောင်မောင်စိုးထံသို့ နိရဥ္စရာသတင်းမှ ဖေဖော်ဝါရီ ၆ ရက် နေ့လယ် ၂ နာရီ မိနစ် ၅၀ ခန့်က ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံသော် တစ်စုံတစ်ရာ ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပါ။
ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ အဆိုပါ ကိစ္စကို သူ့အနေနှင့် မသိပါကြောင်း၊ အခြား ဌာနများ၏ ငွေကြေး အလွှဲအပြောင်းနှင့် ပတ်သက်ပြီး သူနှင့် သက်ဆိုင်ခြင်း မရှိကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးထံသို့ နိရဥ္စရာသတင်းဌာနမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိသည့်အတွက် တပ်ဘက်က သဘောထားကိုလည်း တင်ပြပေးနိုင်ခြင်း မရှိသေးပါ။







