ချစ်အိလိူင်၊ ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် မေယူမြစ် လက်ဝဲ လက်ယာ တစ်လျှောက် နေရာများကို ဖေဖော်ဝါရီ ၄ ရက် နေ့လယ်တွင် တပ်မတော်က ရဟတ်ယာဉ်များဖြင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ ပြောကြားသည်။
“ ကျွန်တော်တို့ မေယူမြစ် အရှေ့ဘက်ကမ်းမှာ ရှိတဲ့ ပြိန်းတော၊ မညှင်းတောင်၊ ကုလားချောင်း၊ ကုန်တန်း အဲဒီ အနီးက လယ်ကွင်းတွေ၊ ကောက်ရိုးပုံတွေ အကုန်လုံး မီးလောင်နေပါတယ်။ မီးခိုးလုံးတွေ တက်နေတာကို မြင်ရပါတယ်။ ရဟတ်ယာဉ် နှစ်စီးနဲ့ နှစ်ကြိမ်တိုင်တိုင် လာ ပစ်ပါတယ်။ မိနစ် ၄၀ ၊ ၅၀ လောက်ပစ်ပါတယ်။ ပြိန်းတောနဲ့ ညောင်ပင်လှ ရှေ့တောင်တန်း တွေကို အဓိက ပစ်ပါတယ်။ မညှင်းတောင်ရွာမှာတော့ လူမရှိတော့ဘူး။ အကုန်လုံး ထွက်ပြေး သွားကြပြီ။ ပြိန်းတောရွာမှာတော့ လူအချို့ ပိတ်မိနေတယ်လို့ ကြားရပါတယ်” ဟု မညှင်းတောင် ရွာသား တစ်ဦးက ပြောကြားသည်။
၎င်းပြင် မညှင်းတောင်၊ ကုလားချောင်း၊ ပြိန်းတော ကုန်တန်းအနီးရှိ တောင်တန်းများကို ရသေ့တောင်မြို့ပေါ် အခြေစိုက် အမှတ် ၅၃၆၊ ၅၃၇ တပ်ရင်းများနှင့် ရေစိုးချောင်းဗျူဟာမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်သလို ဇက်သင်္ဘောကလည်း ပစ်ကူပေးမှုများ ရှိခဲ့သည်ဟု ဆိုသည်။
ပြိန်းတောဆရာတော် ဦးဇောတိသို့ ဖေဖော်ဝါရီ ၄ ရက် ညနေ ၄နာရီ ၂၀ မိနစ်ခန့်က နိရဥ္စရာက ဆက်သွယ်ရာ ဆရာတော်က “ မွန်းလွဲ နှစ်နာရီခွဲလောက် မှာ ရဟတ်ယာဉ်နှစ်စီးနဲ့လာပစ်တာ။ ပြိန်းတောရွာ အရှေ့ဘက်တောင်ခြေရင်းတွေကို ပစ်တယ်။ လယ်ကွင်းတွေကို ပစ်တယ်။ ကုလားချောင်း မြစ်ကမ်းနားကနေ ဇက်သင်္ဘောပေါ်ကပစ်တယ်။ ပြီးတော့ ရစိုးချောင်းဗျူဟာဘက်ကလည်း လက်နက်ကြီးတွေနဲ့ပစ်တယ်။ မညင်းတောင် ရွာနဲ့ ပြိန်းတောရွာကြားက လယ်ကွင်းတွေ အကုန် မီးလောင်နေတယ်။ လက်နက်ကြီး ပစ်သံတွေ ရဟတ်ယာဉ်တွေက ညနေ သုံးနာရီကျော် လောက်ကမှ ရပ်သွားတယ်။ အခုတော့ နှစ်ဖက် အပြန်အလှန်ပစ်နေကြပါတယ်။ လက်နက်ငယ် အသံတွေကြားနေရပါတယ်” ဟု မိန့်ကြားသည်။
ပြိန်းတော ရွာသား တစ်ဦးက “ လူထုတွေက ခိုကိုးရာမဲ့ ဖြစ်နေပါတယ်။ ကြောက်စရာ ကောင်းတယ်။ အခု ပြေးနေရတယ်။ အားလုံး ပုန်းဖို့ ပြေးနေကြရပါတယ်။ သေနတ် သံတွေကလည်း ဆက်ကြားနေရပါတယ်။ တိုက်ပွဲ ဖြစ်နေတယ်လို့ သုံးသပ်ရပါတယ်။ လက်နက်ကြီးသံရော၊ လက်နက်ငယ်သံရော မညှင်းတောင်၊ ပြိန်းတောရှေ့က တောင်တန်းတွေ ဘက်က ကြားနေရပါတယ်” ဟု ပြောသည်။
၎င်းပြင် မေယူမြစ် အနောက်ကမ်း ၊ ဘူးသီးတောင်မြို့နယ်၊ ကျွဲရိုင်းခတ် အုပ်စု စက်ခေါ်ရွာ၊ဒိုးဝေရွာ အနီးက ဓနိတောတွေကို MI 35 ရဟတ်ယာဉ် နှစ်စီးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက် တိုက်ခိုက် ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
“ ဗုံးကြဲလည်းကြဲတယ်။ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်လောက်က ပစ်တာ ၂ နာရီ မိနစ် ၅၀ မှ ပြီးသွားတယ်။ နှစ်စီးနဲ့ နှစ်ခေါက်တိတိ လာပစ်တယ်။ အဓိက ရွာအနီးက ဓနိတောတွေကို ပစ်တယ်။ ရွာထဲက လူတွေက ဘာမှမဖြစ်ပေမယ့် အပြင်ကို ထွက်ပြီး လုပ်နေတဲ့ သူတွေ၊ ဓနိတောထဲမှာ သွားလုပ်ကိုင်နေတဲ့ ရွာသားတွေရဲ့ အခြေအနေကို မသိရသေးဘူး” ဟု ကျောင်းဆရာ တစ်ဦးက ပြောသည်။
စက်ခေါ်ရွာက အမျိုးသမီးက “ ကျွန်မက အခုမှ ရွာထဲကို ရောက်ပါတယ်။ ရွာအနီးက ဓနိတောထဲမှာ ပုန်းနေခဲ့ရပါတယ်။ ရဟတ်ယာဉ်ပေါ်က ပစ်တာကတော့ အသံတွေ တရှပ်ရှပ်နဲ့ကြားရပြီး ပေါက်ကွဲပါတယ်။ စက်ခေါ်ရွာနဲ့ ဒိုးဝေရွာကြားက ဓနိတောတွေကို အကုန်လုံး ပစ်ပါတယ်” ဟု ပြောကြားသည်။
အနောက်ပိုင်းတိုင်း စစ်ဌာချုပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ ရသေ့တောင်မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားနေခြင်းမှာ ဟုတ်မှန်ကြောင်း ပြောကြားပြီး ဖုန်းချသွားခဲ့သည်။







