ရသေ့တောင်မြို့နယ်မှ ဒေသခံ ၈၀၀ ခန့် ထွက်ပြေးရ၊ ကျေးရွာအတွင်း ပိတ်မိနေသူများအတွက် မိသားစုများ စိုးရိမ်

ရသေ့တောင်မြို့နယ်မှ ဒေသခံ ၈၀၀ ခန့် ထွက်ပြေးရ၊ ကျေးရွာအတွင်း ပိတ်မိနေသူများအတွက် မိသားစုများ စိုးရိမ်

ဆောင်းဇာခြည် — ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာနှင့် ကုလားချောင်းကျေးရွာတို့မှ ကျေးရွာသား ၈၀၀ ခန့် ထွက်ပြေးနေကြရပြီး ကျေးရွာအတွင်း ပိတ်မိ ကျန်ရှိနေခဲ့သူများအတွက် မိသားစုများ စိုးရိမ်နေကြကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကုလားချောင်းကျေးရွာအနီး မီတာ ၄၀၀ အကွာခန့်ရှိ လယ်ကွင်းများ၌ ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ပြီးနောက် ယင်းနေ့ ညနေ ၆ နာရီခန့်က တပ်မတော် စစ်ကြောင်း တစ်ခုသည် ကုလားချောင်းကျေးရွာထဲသို့ ဝင်ရောက်လာသောကြောင့် ကျေးရွာသားများ ထွက်ပြေးနေကြကြောင်း၊ ကုလားချောင်းကျေးရွာအတွင်း ကျန်ရှိနေခဲ့သည့် ကျေးရွာသား ၃၀ ခန့်နှင့်လည်း အဆက်အသွယ် မရကြ၍ စိုးရိမ်နေကြကြောင်း ကုလားချောင်း ကျေးရွာမှ ပြင်ဝန်းကျေးရွာသို့ ထွက်ပြေးရောက်ရှိနေသည့် ဦးဦးစိုးဝင်းက နိရဉ္စရာသို့ ပြောသည်။

 “ကျွန်တော်တို့ အခု ထွက်ပြေးနေကြရပါတယ်။ ရွာမှာလည်း ကျွန်တော့် မိန်းမရော၊ သားလေးရော၊ အဖေတို့ရော ကျန်ခဲ့ကြပါတယ်။ စစ်သားတွေကလည်း မနေ့ညကတည်းက ရွာထဲကို ဝင်သွားကြတာပါ။ ရွာမှာ ကျန်ခဲ့တဲ့ သူတွေကို စိတ်ပူပါတယ်။ သူတို့နဲ့ အဆက်အသွယ်လည်း မရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဘာမှ မတတ်နိုင်ပါဘူး” ဟု ၎င်းက ပြောဆိုသည်။

ထွက်ပြေးနေကြသည့် လူဦးရေ ၈၀၀ ကျော်ခန့်မှာ ပြိန်းတောကျေးရွာမှ ၇၀၀ ခန့်နှင့် ကုလားချောင်းကျေးရွာမှ ၁၀၀ ခန့်ဖြစ်ကြောင်း၊ ရသေ့တောင်မြို့နယ် အောင်စည်ကုန်း ကျေးရွာ၊ ကံပြင်ကျေးရွာ၊ စဖိုကျွန်းကျေးရွာနှင့် ပြင်ဝန်းကျေးရွာတို့တွင် ရောက်ရှိနေကြကြောင်း သိရသည်။

“ရွာမှာကျန်ခဲ့တာက မိန်းမတွေ များပါတယ်။ အဆက်အသွယ်ကတော့ မရသေးပါဘူး။ ရွာထဲမှာ စစ်သားတွေလည်း ကျန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့သူတွေကို တစ်စုတည်း စစ်သားတွေက စုခိုင်းထားတယ်လို့ ပြောပါတယ်။ ရွာမှာက လူဦးရေ စုစုပေါင်း ၁၃၀ ကျော်လောက်ပဲ ရှိတာပါ။ အဲဒါက ၁၀၀ နီးပါးလောက် ထွက်ပြေးသွားကြတာပါ” ဟု ပြင်ဝန်းကျေးရွာသို့ ရောက်ရှိနေသည့် ကုလားချောင်းကျေးရွာမှ ရာအိမ်မှူးက နိရဉ္စရာသို့ ပြောသည်။

ရွာတွင် အမျိုးသမီးများ ကျန်ခဲ့သည် များပြီး ထွက်ပြေးလာကြသည်မှာ အမျိုးသားအရေအတွက် များကြောင်း၊ စစ်သားများက အမျိုးသားများကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းကြောင်း၊  ရိုက်နှက်သည်လည်း ရှိကြောင်း၊ ထို့ကြောင့် အမျိုးသား အများစု ထွက်ပြေးကြခြင်းဖြစ်ကြောင်း ပြိန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးစောလှက နိရဉ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ထံ နိရဉ္စရာက ဆက်သွယ်ခဲ့ရာ အဆက်အသွယ် မရရှိခဲ့ပါ။

ဖေဖော်ဝါရီ ၂  ရက်နေ့က ပြိန်းတောကျေးရွာထဲသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၍ ကျေးရွာသား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

Most read this week

ဩဂုတ်လ ၁၃ ရက်၊ ညက ကျိန္တလီမြို့အား စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများ / AA Info Desk
September 4, 2026
လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် စစ်အုပ်စုတပ်၏ လက်ချက်ကြောင့် ဩဂုတ်လအတွင်း ကလေးငယ် များ၊...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့တွင် အာဏာသိမ်း စစ်အုပ်စုတပ်က ဖမ်းဆီးထားသည့် ဒေသခံ ရခိုင်နှင့် မွတ်ဆလင်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
မကွေးတိုင်း၊ ပဒါန်းမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းသို့ စစ်ကူထိုးလာသည့် စစ်အုပ်စုတပ်ကို AA က...
ဓါတ်ပုံ - ULA/AA
September 2, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် သဖန်ရောင်ဒေသတို့ကို ဆက်သွယ်...