မြေမြှုပ်မိုင်း နင်းမိ ရွာသားတစ်ဦး ထပ်သေ

မြေမြှုပ်မိုင်း နင်းမိ ရွာသားတစ်ဦး ထပ်သေ
Photo by အိုမ်တမောဝ် လူမှုကူညီရေး အသင်း၊ မြေမြုပ်မိုင်းနင်းမိသူတစ်ဦး ပုံ
Photo by အိုမ်တမောဝ် လူမှုကူညီရေး အသင်း၊ မြေမြုပ်မိုင်းနင်းမိသူတစ်ဦး ပုံ

Nang Seng Nom — သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲတွင် မြေမြုပ်မိုင်း နင်းမိမှုဖြစ်စဉ်တစ်ရပ် ထပ်မံ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မိုင်းငေါ့မြို့နယ် မန်ကန်ကျေးရွာအနီးတွင် ထင်းဖြူ သွားခုတ်သည့် အမျိုးသား နှစ်ဦး မြေမြှုပ်မိုင်း နင်းမိရာ တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ အပြင်းအထန် ရရှိကာ ကျောက်မဲဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း အိုမ်တမောဝ် လူမှုကူညီရေးအသင်းမှ အဘမ်းက ပြောသည်။

“ဒီလပြည့်နေ့ဆိုရင် ကျနော်တို့ ထင်းဖြူ လှူကြမယ်။ ဒါကြောင့် ရွာသား နှစ်ဦးက မန်ကန်ကျေးရွာအနီးမှာ ထင်းဖြူ သွားခုတ်တာ။ ညနေ ၅နာရီမှာ မိုင်းနင်းမိတော့တာပဲ” ဟု အဘမ်း က ဆိုသည်။

သေဆုံးသွားသူမှာ တော့ဖယ်ကျေးရွာနေ၂၈နှစ် အရွယ် အဆမ် ဖြစ်ပြီး မိုင်းစထိမှန် ဒဏ်ရာအပြင်းအထန်ရရှိသူမှာ အာပြောင်ကျေးရွာနေ အသက် ၂၀ အရွယ် မိုင်းမောင်နိုင်ဖြစ်ကြောင်း သိရသည်။

“သေဆုံးသူက မိုင်းနင်းမိပြီး ပွဲချင်းပြီး သေတာ မဟုတ်ဘူး။ ခြေထောက် နှစ်ချောင်းလုံး ပြုတ်ထွက်သွားတယ်။ သူ့ခြေထောက်သူ ပြန်ကောက်ပြီး တပ်နေသေးတယ်လို့ ပြောတယ်။ သွေးထွက်လွန်ပြီး သေဆုံးသွားတာ” ဟု အဘမ်းက ပြောသည်။

ထို့ပြင် ဒဏ်ရာပြင်းထန်သည့် မိုင်းမောင်နိုင်သည် ဘယ်ဘက် ခြေသလုံးနှင့် ဆီးအိမ်ကို ထိခိုက်ထားသဖြင့် အနည်းငယ် စိုးရိမ်ရကြောင်းလည်း အဘမ်းက ပြောသည်။

“လောလောဆယ်တော့ ဒဏ်ရာရတဲ့သူတဲ့သူကို ကျောက်မဲဆေးရုံမှာပဲ ဆေးကုပေးနေတယ်။ အသက်အန္တရာယ် မစိုးရိမ်ရလို့ နေမယ်။ စိုးရိမ်ရရင် လားရှိုး၊ ဒါမှမဟုတ် မန္တလေး ဆေးရုံကို လွှဲပေးတယ်” ဟု အဘမ်းက ပြောသည်။

မိုင်းနင်းမိပြီး သေဆုံးသွားသည့် အဆမ်တွင် မီးနေသည် အမျိုးသမီးနှင့် ရက်သားကလေးငယ် ကျန်ရစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲတွင် နေ့စဉ်ဆက်တိုက် မြေမြှုပ်မိုင်းနင်းမိနေကြောင်း၊ ယခုနှစ်ဆန်းပိုင်းအတွင်း မြေမြှုပ်မိုင်း နင်းမိကာ သေဆုံးသူ နှစ်ဦး နှင့် ဒဏ်ရာရသူ ၁၀ ဦး ရှိလာပြီဖြစ်ကြောင်းလည်း ကျောက်မဲ လူမှုကူညီရေးအသင်းများ၏ ပြောပြချက်အရ သိရသည်။

“ဒီမှာက မိုင်းနင်းမိတာ နေ့တိုင်းနီးပါး ဖြစ်နေပြီ။ နေ့တိုင်းလိုလို ကြားရတယ်။ မိုင်းအန္တရာယ်ကတော့ ကျနော်တို့ ကျောက်မဲကို ခြိမ်းခြောက်နေတယ်” ဟု ကျောက်မဲမြို့နေ စိုင်းသန်းမောင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မြေမြှုပ်မိုင်း ထောင်သည့် လက်နက်ကိုင်အဖွဲ့အားလုံးသည် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသရွေ့ ပြည်သူ့အသက် ဆက်ပြီး ပေးဆပ်နေရဦးမည်ဟုလည်း စိုင်းသန်းမောင်က ဖြည့်စွက်ပြောသည်။

“ ကျနော်တို့ ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်ခွဲမှာ မြေမြှုပ်မိုင်း အများဆုံးလို့ ပြောလို့ရတယ်။ စစ်ရေးပဋိပက္ခ ငြိမ်းအေးသွားရင်တောင် ဆက် ရှိအုံးမယ်။ မြေမြှုပ်ပြီး ပြန်မသိမ်းကြဘူး။ မြေမြှုပ်မိုင်းဆိုတဲ့ အမျိုးက မထိမချင်း ဆက်ရှိနေမှာပဲ။ နှစ် ၂၀၊ အနှစ် ၃၀လည်း ဆက် ရှိနေမှာပဲ”ဟု အဘမ်းက ထပ်လောင်းပြောသည်။

ဆက်လက်ပြီး ကျောက်မဲမြို့နယ်အတွင်း မြေမြှုပ်မိုင်း နင်းမိကာ ဒဏ်ရာရခြင်း၊ သေဆုံးခြင်းတို့သည် ၂၀၁၈ ခုနစ်က စတင်ကာ ပိုမို များပြားလာကြောင်း၊ မြေမြှုပ်မိုင်း သုံးစွဲသည့် လက်နက်ကိုင်များကိုလည်း အမြန်ဆုံး ရပ်ဆိုင်းရန် မေတ္တာရပ်ခံလိုကြောင်း ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော် အမှတ်(၁) စိုင်းထွန်းဝင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ကျောက်မဲမြို့နယ်မှာ နေတဲ့သူ၊ လက်နက်ကိုင်တွေ လှုပ်ရှားတဲ့နေရာနဲ့ နီးတဲ့သူတွေကတော့ မိုင်းအန္တရာယ်ကို အချိန်တိုင်း စိုးရိမ်နေရတယ်” ဟု စိုင်းထွန်းဝင်းက ဆိုသည်။

လက်ရှိတွင် မြေမြှုပ်မိုင်းနှင့်ပတ်သက်ပြီး ပြည်တွင်းအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းများက ပညာပေးမှု ပြုလုပ်နေသော်လည်း လက်နက်ကိုင်များ ဆက်လက်သုံးစွဲလျက်ရှိကြကြောင်း၊ မိမိ ထောင်ထားသည့် မိုင်းကို လာရောက် မရှင်းပါက တစုံတရာ ထူးခြားလာမည် မဟုတ်ကြောင်းလည်း ကျောက်မဲပြည်သူများက ပြောဆိုလိုက်သည်။

ကျောက်မဲမြို့နယ်အတွင်းမှာ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်( TNLA)၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA)နှင့် မြန်မာ့တပ်မတော်တို့ လှုပ်ရှားသည့် နေရာဒေသ ဖြစ်သည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...