ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပန်းမြောင်းတိုက်နယ်ဆေးရုံတွင် ရခိုင်လူငယ် သုံးဦးကို ဓါးဒဏ်ရာဖြင့် ဆေးရုံတင်ထားရသည်ဟု ပန်းမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
၎င်းတို့သည် ရွှေတမာကျေးရွာမှ အပြန်တွင် လက်မ မူဆလင်ကျေးရွာလမ်းအတိုင်း ဆိုင်ကယ်ကို မောင်းနှင်လာစဉ် ခိုးဆိုး လုယက်မှုများကျူးလွန်နေသူ ဘင်္ဂလီ အယောက် ၃၀ ခန့်မှ ဝိုင်းဝန်းပြီး ဓားဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပန်းမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
တိုက်ခိုက်ခံရပြီး ဒဏ်ရာရသူ လူငယ် ၃ ဦးမှာ ပန်းမြောင်းအုပ်စု၊ ငှက်တော်ရကျေးရွာမှ မောင်လှဝင်း (ဘ) ဦးပိန်ချေ (၂၁) နှစ်၊ ညီမင်းထွန်း (ဘ) ဦးရွှေမောင် (၁၉) နှစ်နှင့် ညောင်ပင်ဝိုင်းကျေးရွာမှ အောင်မျိုးဝေ (ဘ) ဦးမောင်သိန်းနိုင် (၁၇) နှစ်တို့ ဖြစ်ကြသည်။
“ ဒဏ်ရာပြင်းထန်တာက ညောင်ပင်ဝိုင်းက အောင်မျိုးဝေမှာ ဒဏ်ရာပြင်းထန်ပါတယ်။ အခု ပန်းမြောင်းဆေးရုံကို တင်ထားရပါတယ်။ သူတို့က ရွှေတမာကျေးရွာက အပြန်မှာ လက်မကျေးရွာ အနီးရောက်တော့ သူတို့ကို ကောက်ရိုးပုံနောက်မှာ ပုန်းနေတဲ့ ဘင်္ဂလီ ၃၀ လောက် ဝိုင်းတားပြီး ဆိုင်ကယ်ကို လုတယ်လို့ ပြောပါတယ်။ ဆိုင်ကယ်သော့ကို တောင်းတာကို မပေးတော့ ဝိုင်းခုတ်ကြတယ်လို့ ပြောပါတယ်။ နောက် မော်လဝီ ဆရာတစ်ယောက်က ဝင်တားတော့ အသက်ချမ်းသာရာ ရကြတယ်လို့ ပြောပါတယ်။ အဲဒီနောက် လက်မရွာက မူဆလင် ရွာခေါင်းဆောင်တွေက ရွှေတမာ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရဲ့ လက်ကို လာအပ်တယ်လို့ ပြောပါတယ်” ဟု ပန်းမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
ယခု အခင်း ဖြစ်ပွားသောကျေးရွာသည် ရွှေတမာ ကျေးရွာအုပ်စုတွင် တည်ရှိသဖြင့် ရွှေတမာ ကျေးရွာအုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ရာ ၎င်းဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း ပြောကြားသည်။
“ ဖြစ်စဉ်က သူတို့ ကလေး ၃ ယောက် ပန်းမြောင်း ငှက်တော်ရရွာက ၂ ယောက်၊ ညောင်ပင်ဝိုင်းက ၁ ယောက်၊ နာဂရာကနေ တစ်ဆင့် ကျွန်တော်တို့ရွာကို လာပါတယ်။ ကျွန်တော်တို့ရွာမှာ အစ်မပြုထားသူ တစ်ဦးရှိတယ် သူတို့မှာ။ အဲဒီအိမ်က ထမင်းစာ၊ ညအိပ်နေဆိုတော့ မအိပ်ဘဲနဲ့ ပြန်သွားတော့ ညနေ ၃ နာရီလောက်မှာ ပြသနာ ဖြစ်တာပါ။ ကျွန်တော်တို့ လက်မဘင်္ဂလီရွာမှာ သူခိုး ၃၀ လောက်ရှိပါတယ်။ သူတို့ကို ဝါရကြီးဆိုတဲ့ သူခိုးခေါင်းဆောင်ရဲ့ အိမ်က တိုင်မှာ ချည်ထားပြီး ရိုက်တယ်လို့ ပြောပါတယ်။ သူက လက်မ မြောက်ပိုင်းက သူခိုး ခေါင်းဆောင်ပါ။ တောင်ပိုင်းက ဆိုရင် ပွာချေဆိုတာ ခေါင်းဆောင်ပါ။ သူတို့ကို ချည်လို့ ခုလို ဓားတွေနဲ့ ရိုက်ပုတ်နေတော့ လက်မ မူဆလင်ကျေးရွာ ရွာတာဝန်ခံ မောင်သိန်းလိူင်က သတင်းပို့ပါတယ်။ သူက မူဆလင်ပါ။ လက်မ တောင်နားရွာက ရွာတာဝန်ခံ မောင်ရွှေသိန်းကလည်း သတင်းပို့ပါတယ်။ သူတို့က ရခိုင်လူငယ် သုံးဦးကို လက်မရွာမှာ ဖမ်းထားပြီ ဆိုပြီးတော့ သတင်းပို့ပါတယ်။ ကျွန်တော်တို့ စုံစမ်းကြည့်တော့ ဟုတ်တယ်။ ဒါနဲ့ ရွာတာဝန်ခံတွေဆီကို ဖုန်းဆက်ပြီး ရခိုင်သား သုံးယောက်ကို ဖမ်းပြီး သတ်မလို့ လုပ်နေကြပြီ ဆိုပြီး ဖုန်းနဲ့ အကြောင်းကြားပါတယ်။ မင်းတို့ ဘာလုပ်နေလဲ။ ဒီလူ သုံးယောက်ကို အမြန်ဆုံးပို့လာဆိုပြီး ပြောပါတယ်။ အဲဒီတော့ လက်မ မူဆလင်ရွာက ရပ်မိ ရပ်ဖတွေ၊ မော်လဝီ ဆရာတွေက သွားပြောပါတယ်တဲ့။ မင်းတို့ ဒီလူ သုံးယောက်ကို ပြန်လွတ်ပေးလိုက်ပေါ့။ သူတို့ကို လူပေါင်း ၃၀ လောက်နဲ့ ဝိုင်းထားတယ်လို့ ပြောတယ်။ နောက်ပိုင်း မော်လဝီတွေက ပြောလို့ ပြန်လွတ်လိုက်တယ်လို့ ပြောတယ်။ ညနေ ၄ နာရီကျော်လာက်မှာ အဲဒီ ကလေး သုံးယောက်ကို မူဆလင် လူကြီးတွေ လာပို့လာပါတယ်။ သူတို့ကို ကျွန်တော်က လက်ခံယူပြီး ပန်းမြောင်း တိုက်နယ် ဆေးရုံကို ပို့ဆောင် လိုက်ပါတယ်။ သူတို့အထဲက ညောင်ပင်ဝိုင်းရွာက အောင်မျိုးဝေမှာ ဒဏ်ရာပြင်းပါတယ်” ဟု ပြောကြားသည်။
၎င်းလူငယ် သုံးဦး စီးလာသော ဆိုင်ကယ် တစ်စီးနှင့် ဖုန်း ၂ လုံးကိုလည်း လုယက် ယူဆောင်ထားလိုက်ကြကြောင်း၊ လက်ရှိ ပန်းမြောင်းရဲစခန်းတွင် ဆေးစာယူပြီး အမှုဖွင့်ထားကြောင်း ဆွေမျိုးများက ပြောကြားသည်။
“ ကျွန်တော်တို့က လူမျိုးရေး ဖြစ်သွားမှာကို ကြောင့်ကြစိုးရိမ်ပါတယ်။ အဲဒီ ပြသနာ မဖြစ်ခင် အဲဒီနေ့ နေ့လယ် ၁ နာရီကျော် လည်း လောင်းကြက်တောင်မော် ကျေးရွာက အဝတ်အထည် လာရောင်းတဲ့ သားမိ နှစ်ဦးနဲ့ မူဆလင်တစ်ဦးဆီကလည်း ငွေတွေ၊ အဝတ်အထည်တွေနဲ့ ဆိုင်ကယ်တွေကို လုယူသွားကြတယ်လို့ သိရပါတယ်” ဟု ရွှေတမာ ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
လုယူခံရသူများမှာ မြောက်ဦးမြို့နယ်၊ လောင်းကြက်တောင်မော်ကျေးရွာမှ ဒေါ်စောစော (ဘ) ဦးအောင်ထွန်းသာ (၄၇) နှစ်၊ သားဖြစ်သူ ကိုဝင်းဇော်(ဘ) ဦးသန်မောင် (၂၈) နှစ်နှင့် အဝတ်အထည် လိုက်ရောင်းကူညီသူ နာဂရာ ကျေးရွာမှ နီမောင် (မူဆလင်) တို့ ဖြစ်ကြသည်။
သူတို့ထံမှ မူဆလင်အမျိုးသမီးများ ခြုံသည့် ခြုံစောင် အထည် ၈၀ ကျော်၊ ဆိုင်ကယ် နှစ်စီး၊ ငွေတစ်သိန်းနှင့် ဖုန်းများကို လုယက် ယူဆောင်သွားကြသည်ဟု သိရသည်။
လက်ရှိ လက်မ မူဆလင် ကျေးရွာတွင် ရွာအနီးဝန်းကျင်တွင် ခိုးဆိုး လုယက်ပြီး ဒေသခံများကို အနှောင့်အယှက်ပေးနေသူ ဘင်္ဂလီ လူမျိုး ၃၀ ခန့်ရှိပြီး ၎င်းတို့သည် ရခိုင်ကျေးရွာများမှ သာမက မူဆလင် ကျေးရွာများမှလည် ကျွဲနွားများကို ခိုးယူကာ ဓားပြ ပုံစံမျိုးဖြင့် လူပ်ရှားဆောင်ရွက်နေကြသည်ဟု ပြောဆိုသည်။
၎င်းသတင်းနှင့် ပတ်သက်ပြီး လက်မကျေးရွာ ကျေးရွာ တာဝန်ခံ (မူဆလင်) ထံသို့ ဖုန်းဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် မေးမြန်း တင်ပြနိုင်ခြင်း မရှိသေးပါ။







