ခိုင်လူလှ (ရိုးမမြေ) - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ငစံဘော် (မုဆိုးချောင်း) ကျေးရွာမှ လူကြီးတစ်ဦး ကျွဲရှာရန် သွားစဉ် မိုင်းထိပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ ငစံဘော်ကျေးရွာမှ ဦးသိန်းဇောအောင်(ဘ)ဦးကျော်ခေါင် (၅၆) နှစ်ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက ပြောသည်။
ဦးသိန်းဇောအောင်သည် ဖေဖော်ဝါရီ ၂ ရက် နေ့လယ်က ငစံဘော်ကျေးရွာနှင့် အမျှက်တောင် ကျေးရွာကြားတွင် ကျွဲရှာရန် သွားစဉ် မိုင်းပေါက်ကွဲပြီး ခြေထောက်နှစ်ဖက်လုံးပြတ်သွားကာ သေဆုံးသွားခဲ့ခြင်းဟု ပြောဆိုသည်။
သူ၏ အလောင်းကို ရသေ့တောင်မြို့သို့ ယူဆောင်ရန် ပြင်ဆင်နေကြောင်း ပြောကြားသည်။
အဆိုပါ အနီးဝန်းကျင်တွင် ယင်းမတိုင်မီနေ့ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော် စစ်ကြောင်း တစ်ခုနှင့် ရက္ခိုင့်တပ်တော် ( AA ) တို့အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။







