ထက်မြတ် — တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့တွင် ပညာသင်နေသည့် မြန်မာနိုင်ငံသား ကျောင်းသား ကျောင်းသူ ၆၃ ဦးတို့သည် ဝူဟန်မြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ မန္တလေးမြို့သို့ ဖေဖော်ဝါရီ ၂ ရက်နေ့ ၂နာရီအချိန်ခန့်တွင် ရောက်ရှိလာမည်ဖြစ်ပြီး ရောဂါစစ်ဆေးသည့် နှစ်ပတ်တာကာလအတွင်း ပြင်ပပုဂ္ဂိုလ်များ နှင့် ထိတွေ့ဆက်ဆံခွင့်ပြုမည်မဟုတ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ထံက ဖေဖော်ဝါရီ ၁ ရက်နေ့တွင် သိရသည်။
ဒေါက်တာရဲလွင်က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် "ကန်တော်နဒီ ရောက်လာရင်လလည်း မိမိအတွက် ချထားပေးတဲ့ အခန်း ထဲမှာပဲ နေရမှာဖြစ်ပြီး ကော်ရီဒါမှာ ထွက်ပြီး အချင်းချင်း စကားပြောတာကအစ ခွင့်ပြုမှာ မဟုတ်ပါဘူး။ အထူးသဖြင့် မိဘဆွေမျိုးတွေနဲ့ လုံးဝ တွေ့ခွင့်ပြုမှာ မဟုတ်သလို ဖျားနာမှု ရှိမရှိ နေ့စဉ်စစ်ဆေးမယ့် ဆရာမတစ်ဦးသာ အထဲကို ဝင်ခွင့်ပြုမှာပါ။ အစားအစာနဲ့ ရေသန့်တွေကို အခန်းထဲမှာ ထည့်ထားပြီး ထပ်မံ လိုအပ်မယ့် ရေ၊ ရေနွေး၊ မနက်၊ နေ့လည်၊ ညစာတွေကို ကျောင်းသားတွေ ထားမယ့် အစွန်ဆုံး အခန်းကို အလွတ်ထားပြီး စားပွဲတွေ ပေါ်တင်ပေးထားမှာပါ။ လာတင်မယ့်သူ တင်နေတုန်း ကျောင်းသားတွေကို မလာခိုင်းဘဲ bell တီးမှသာ လာရောက်ယူခွင့် ရှိမှာပါ။Quarantine လုပ်ထားတဲ့ ကာလအတွင်း ကျောင်းသားတွေနဲ့ထိတွေ့မှု မရှိရအောင် ဆောင်ရန် ရှောင်ရန် ညွှန်ကြားချက်များကို လာကြိုတဲ့ ကားပေါ်မတက်ခင် ဖြန့်ဝေမှာ ဖြစ်သလို ကုတင်အားလုံးပေါ်မှာလည်း တင်ပေးထားမှာပါ။ ကျောင်းသားတွေကို နှုတ်နဲ့ရှင်းပြရင် exposure များမှာ စိုးလို့ပါ။ သတိဆိုတာ ပိုတယ်မရှိပါဘူး။ ဒါပေမယ့်လည်း လိုအပ်တာထက် အစိုးရိမ်မပိုဖို့ အရေးပိုကြီးပါတယ်"ဟု အသိပေးပြောကြားထားသည်။
အဆိုပါကျောင်းသား ကျောင်းသူများသည် မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA B737-800) လေယာဉ်ပျံသန်းခရီးစဉ် အမှတ် UB-807ဖြင့် ဝူဟန်မြို့အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဖေဖော်ဝါရီလ၁ရက် ဒေသစံတော်ချိန် ည၁၁နာရီ၂၅မိနစ်အချိန် ပြန်လည်ထွက်ခွာလာမည်ဖြစ်ပြီး မြန်မာနိုင်ငံ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်(တံတားဦး)သို့ ဖေဖော်ဝါရီလ ၂ ရက် ဒေသစံတော်ချိန် နံနက် ၁နာရီ၄၀မိနစ်အချိန်တွင် ဆိုက် ရောက်ရန် လျာထားကြောင်း တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး၏ အသိပေးအကြောင်းကြားစာအရ သိရသည်။
၎င်းတို့ကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ ကန်တော်နဒီ အထူးသီးသန့်ကုသဆေးရုံတွင် ထားကာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းရှိ ၊ မရှိ ၁၄ရက်ကြာ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ နေထိုင်စားသောက်ရေးကိစ္စအားလုံးကို ကျန်းမာရေးဝန်ကြီးဌာန၊မန္တလေးမြို့တော် စည်ပင်သာ ယာရေးကော်မတီနှင့် အလှူရှင်များ ပူပေါင်း၍ အစစ အရာရာ တာဝန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအတွင်း သေဆုံးသူပေါင်း ၂၅၉ ဦးရှိလာပြီး ကူးစက်ခံရသူပေါင်း ၁၁၀၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်း၊ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသော နိုင်ငံပေါင်း၂၀ ကျော်ရှိ လာ ပြီဖြစ်ကြောင်း ၊ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲရာ ဝူဟန်မြို့တွင် နိုင်ငံခြားသား ထောင်နှင့်ချီပိတ်မိလျက်ရှိကာ အမေရိကန်နိုင်ငံမှ ၎င်းတို့၏နိုင်ငံသား၂ဝဝဦးနှင့် ဂျပန်နိုင်ငံမှ ၎င်းတို့၏ နိုင်ငံသား ၄ဝဝဦးတို့ကိုလည်း ပြန်လည်ခေါ် ဆောင်သွားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပညာတော်သင်ကျောင်းသား၊ ကျာင်းသူများကို ထားရှိမည့် ကန်တော်နဒီအထူးသီးသန့်ကုဆေးရုံတည်ရှိရာနေရာဝန်းကျင်ရှိ မန္တလေးမြို့ ၆၂လမ်းသူနာပြုတက္ကသိုလ်ရှေ့၊ အထူးသီးသန့်ကုဆေးရုံ အပါ အဝင်ရှေ့မျက်နှာစာ ပလက်ဖောင်းအထိ တားမြစ်ဧရိယာအဖြစ် ဖေဖော်ဝါရီ ၁ရက်နံနက်ပိုင်းက သတ်မှတ်ထားကြောင်း ကြေညာထားသည်။







