ချစ်အိလှိုင် - တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း ပင်လယ်ကမ်းခြေတွင် ဖမ်းမိပြီး ရခိုင်သို့ ပြန်ပို့ခံရသူ လှေစီးပြေး ၁၇ဝ ကျော်ကို စိစစ်ပြီး ရခိုင်ပြည်နယ်တွင် ပြန်လည်လက်ခံ နေရာချထားလိုက်ပြီဟု သတင်းရရှိသည်။
“ကျွန်တော်တို့ ဘင်္ဂလီလူမျိုး ၁၇၂ ယောက်ပြန်ခေါ်လာပြီးတော့ စစ်တွေမှာ ၁၇ ယောက် လက်ခံတယ်။ ကျန်တဲ့ ၁၅၅ ယောက် ဘူးသီးတောင်မြို့နယ်က လူတွေမို့လို့ သူတို့ကို မောင်တော ငါးခူရ ပြန်လည် လက်ခံရေးစခန်းက ပြန်လည်လက်ခံပါတယ်။ UEHRD အကူအညီနဲ့ပါ”ဟု ပြည်နယ် ညွှန်ကြားရေးမှူး ဦးအောင်မင်းက နိရဥ္စရာသတင်းဌာနကို အတည်ပြုပြောကြားသည်။
၎င်း ၁၇၂ ဦးမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ပင်လယ်ကမ်းခြေမှ တစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင် မှောင်ခို ရေလမ်းကြောင်းကို အသုံးပြုပြီး သွားကြသူများဖြစ်ကြပြီး ၂၀၁၉ ခု ဒီဇင်ဘာလ (၁၅) ရက်နေ့က ကော့သောင်းမြို့ရေပိုင်နက်တွင် မြန်မာတပ်မတော် (ရေ) က ဖမ်းမိခဲ့သည်။
ထိုသို့ ဖမ်းမိပြီးနောက် ဇန်နဝါရီ (၁၃) ရက်နေ့က ၎င်းတို့ကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်ပေးခဲ့သည်။
၎င်းတို့အထဲမှ ၁၇ ဦးမှာ စစ်တွေတွင် နေဖူးသူများ ဖြစ်ကြသဖြင့် စစ်တွေတွင်လက်ခံ နေရာချထားပေးခဲ့သည်ဟု သိရသည်။
ကျန်လူများကို မောင်တောမြို့ ငါးခူရ ပြန်လည်လက်ခံရေး စခန်းသို့ ပို့ဆောင်ကာ စိစစ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင် နေထိုင်သူများဖြစ်သဖြင့် ၎င်းတို့အား လက်ခံလိုက်ခြင်း ဖြစ်သည်ဟု ရခိုင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူ ဦးအောင်မင်းကပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေထွန်းက "လက်ခံထားတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဆယ့်တစ်ယောက်ကိုတော့ စိစစ်နေသေးတယ်။ ကျန်တဲ့လူတွေကို သူတို့နေချင်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ ဆက်သွယ်ပြီး အပ်လိုက်ပါပြီ”ဟု အတည်ပြုပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ကော့သောင်းတွင်ဖမ်းမိသည့်ဘင်္ဂလီများမှာ စစ်တွေမြို့နယ် မှ ၁၇ ဦးပါဝင်ပြီး ကျန်လူများမှာ မောင်တောနှင့် ဘင်္ဂလားဒေ့ ရှ် နိုင်ငံ ဒုက္ခသည်စခန်းမှ လူများသာဖြစ်ကြောင်း သိရှိရသဖြင့် UEHRD အကူအညီဖြင့် စိစစ်၍ စည်းကမ်းနှင့်ညီသူ များကိုသာ လက်ခံသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၉ ရက်နေ့တွင် နိရဥ္စရာသတင်းဌာနက မေးမြန်းရာ၌ ဖြေဆိုခဲ့သည်။
၂ဝ၁၇ ခုနှစ်က မောင်တောတွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ ရှ် သို့ ရောက်ရှိ နေသည့် နေရပ်စွန့်ခွာသူ ဘင်္ဂလီများအနက် ၃၄၅၀ ကျော်ကို ၂၀၁၉ ခုနစ် သြဂုတ်လ ၂၂ ရက်နေ့တွင် မြန်မာဘက်သို့ လွှဲပြောင်းပေးမည်ဆိုသည့်အတွက် မြန်မာအစိုးရဘက်မှ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းမှ စောင့်ဆိုင်းခဲ့ကြသော်လည်း ပြန်လာသူတစ်ဦးမှ မရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ပြန်မဝင်လာသည့်အတွက် မိမိအစီအစဉ်ဖြင့် ဘင်္ဂလာဒေ့ရှ်မှ ပြန်ဝင်လာကြသူများ အပါအဝင် မလေးရှားနိုင်ငံသို့ တရားမဝင် လမ်းကြောင်းမှ သွားကြသည့် စက်လှေများကို မြန်မာနိုင်ငံ ရေပိုင်နက်တွင် ဖမ်းဆီးမိပါကလည်း ရခိုင်သို့ ပြန်ပို့ကာ UEHRD အစီအစဉ်ဖြင့် ပြန်လည် လက်ခံကာ နေရာချထားပေးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။







