တရုတ်နယ်စပ် မူဆယ်တွင် သျှမ်းအမျိုးသားနေ့ မကျင်းပ

တရုတ်နယ်စပ် မူဆယ်တွင် သျှမ်းအမျိုးသားနေ့ မကျင်းပ
Photo by ထုန်ဟွေ့လီ/ ယမန်နှစ် မူဆယ်မြို့တွင် ကျင်းပသည့် ၇၂နှစ်မြောက် သျှမ်းအမျိုးသားနေ့ ပုံ
Photo by ထုန်ဟွေ့လီ/ ယမန်နှစ် မူဆယ်မြို့တွင် ကျင်းပသည့် ၇၂နှစ်မြောက် သျှမ်းအမျိုးသားနေ့ ပုံ

ယခုနှစ် ၂၀၂၀ ဖေဖော်ဝါရီ ၇ ရက်နေ့ တွင် ကျရောက်မည့် (၇၃) နှစ်မြောက် သျှမ်းအမျိုးသားနေ့ ကို တရုတ်- မြန်မာ နယ်စပ် မူဆယ်မြို့တွင် ကျင်းပပြုလုပ်မည် မဟုတ်တော့ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ က ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံတွင် အရေးပေါ် အခြေအနေဖြစ်ပေါ်နေသည့် Novel Corona Virus ( နိုဗယ်လ် ခိုရိုနာ ဗိုင်းရပ်စ်) ဝူဟန် ကူးစက်မြန်ရောဂါ ကြောင့် (၇၃) နှစ်မြောက် သျှမ်းအမျိုးသားနေ့ မကျင်းပရခြင်းဖြစ် ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီ အဖွဲ့ဝင် စိုင်းမြတ်အောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ကျနော်တို့ ဒီနှစ်တော့ သျှမ်းအမျိုးသားနေ့ မကျင်းပတော့ဘူး။ မူဆယ်မြို့ က တရုတ်နယ်စပ် လည်း ဖြစ်တယ်။ အခုက ဝူဟန် ဗိုင်းရပ်စ်ကလည်း ဖြစ်နေတယ်။ တကယ်လို့ ကျနော်တို့ဆီမှာ ကူးစက် လာမယ် ဆိုရင် စစ်ဆေးဖို့ ၊ တားဆီးဖို့ ကလည်းမရှိ ကုသဖို့ကလည်းခက်တယ်လေ။ ဒါကြောင့် ပွဲတော်မကျင်းပတော့တာပါ” ဟု စိုင်းမြတ်အောင်က ဆိုသည်။

မူဆယ်မြို့တွင် သျှမ်းအမျိုးသားနေ့ မကျင်းပသော်လည်း သျှမ်းအမျိုးသားနေ့ သမိုင်း လက်ကမ်း စာစောင်များကို ဖြန့်ဝေသွားမည် ဖြစ်ကြောင်းလည်း စိုင်းမြတ်အောင်က ပြောသည်။

ထို့ပြင် သျှမ်းပြည် လူထုနှင့် သျှမ်းတိုင်းရင်းသားများအနေဖြင့် သမိုင်းဝင် နေ့ရက်ကြီးအား မမေ့ရန် အတွက် ဖေဖော်ဝါရီ ၇ ရက် ရောက်ပါက မိမိတို့ နေအိမ်တွင် သျှမ်းပြည်အမျိုးသားအလံကို လွှင့်ထူရန်လည်း ပွဲကျင်းပသည့် ကော်မတီ အဖွဲ့ဝင်များက တိုက်တွန်းပြောဆိုလိုက်သည်။

သျှမ်းအမျိုးသားနေ့ မှသည် မြန်မာနိုင်ငံလွတ်လပ်ရေးနေ့နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အားဖော်ဆောင်သည့် ပြည်ထောင်စုနေ့တို့ ပေါက်ဖွားလာရန်အတွက် သန္ဓေတည်ခဲ့သည်။

၁၉၄၇ ဖေဖော်ဝါရီ ၆ ရက်မှ ၁၂ရက် အတွင်း ကျင်းပသည့် ပင်လုံညီလာခံတွင် ခေးတိုင်းခေးရာဇာ တေးသီချင်းကို သျှမ်းပြည်အမျိုးသား သီချင်း၊ ဝါ၊ စိမ်း၊နီ သုံးရောင်ခြယ် အလယ်ဗဟိုတွင် လဝန်းဖြူ အလံကို သျှမ်းပြည်အမျိုးသားအလံနှင့် ဖေဖော်ရီ ၇ ရက်နေ့ကို သျှမ်းပြည်နယ်နေ့ ဟူ၍ သတ်မှတ်ခဲ့ရာ ယခုနှစ်သည် ၇၃ နှစ်မြောက် ပြည့်ပြီဖြစ်သည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...