မြိုင်ကလေးဘိလပ်မြေစက်ရုံ ပတ်ဝန်းကျင်ကျေးရွာများတွင် ရေအရောင်ပြောင်းလဲ၍ သုံးစွဲမိသူများ အရေပြားယားယံပြီး အဖုပိတ်များဖြစ်ပေါ်လာ

မြိုင်ကလေးဘိလပ်မြေစက်ရုံ ပတ်ဝန်းကျင်ကျေးရွာများတွင် ရေအရောင်ပြောင်းလဲ၍ သုံးစွဲမိသူများ အရေပြားယားယံပြီး အဖုပိတ်များဖြစ်ပေါ်လာ
ရေအရောင်ပြောင်းလဲသွားသည့် ရေတွင်း (MNA)
ရေအရောင်ပြောင်းလဲသွားသည့် ရေတွင်း (MNA)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးဘိလပ်မြေစက်ရုံပတ်ဝန်းကျင်အနီးအနားကျေးရွာများတွင် ရေတွင်း၊ ရေကန်များ ရေအရောင်ပြောင်းလဲလာပြီးသည့်နောက် ရေသုံးစွဲသည့်အခါ အရေပြားယားယံပြီး အဖုပိတ်များ ဖြစ်ပေါ်လာကြောင်း ဒေသခံများက ပြောသည်။

 “ကျောက်မီးသွေးကြောင့် ရေတွေ မကောင်းတာ ဖြစ်လာတယ်ပေါ့နော်၊ အရင်တုန်းက ဒီလိုမဖြစ်ခဲ့ဖူးဘူး၊ အခုမှရေတွေက မဲနက်နေရော၊ အထဲမှာ မဲနက်နေတာ၊ ကိုယ်သုံးတာလည်းယားတယ်၊ ကိုယ့်ကလေးတွေလည်း ယားတယ်။ ကိုယ်ယားတယ်၊ တချို့က အသားပွလာတယ်။ ပွတော့ သူတို့ကုတ်တာ အရည်တွေထွက်တယ်”ဟု ကျွန်းတောရွာမှ နန်းသိန်းတင်က ပြောသည်။

အရေပြားယားကာ အဖုပိတ်များဖြစ်ပြီး အရည်ကြည်ထွက်လာသောကြောင့် ဇန်နဝါရီလအတွင်း အရေပြားအထူးကုဆေးခန်းသို့ သွားရောက်ပြခဲ့ရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျွန်တော်တို့ တိရိစ္ဆာန်ကအစ ရေချိုးတာတို့ အဝတ်လျော်တာတို့က ကိုယ့်အတွင်းနဲ့ကိုယ်သုံးကြပေါ့၊ အခုကျွန်တော်သမီးအငယ်က အဖုတွေပါတွေဖြစ်လာတယ်၊ ဒီရေကြောင့်ဘဲလား သူ့ရောဂါကြောင့်ဘဲလား ကိုယ်လည်းအတိအကျမသိဘူး”ဟု ဘားကတ်ကျေးအုပ်စု နတ်ကုန်းကျေးရွာ ရာအိမ်မှူး ဦးစောအတိက ဆိုသည်။

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ၏ စွန့်ပစ်ရေများသည် မိုးတွင်းကာလ၌ ရေကြီးရေလျှံဖြစ်၍ ရေလွှမ်းမိုးမှုနှင့်အတူ စက်ရုံအနီးနားရွာများ၏ ရေတွင်းရေကန်၊ ချောင်းနှင့် အင်းအိုင်များသို့ စီးဆင်းလာသောကြောင့် ရေအရောင်ပြောင်းလဲလာရကြောင်း လက်ရှိကြုံတွေ့ခံစားနေရသည့် ဒေသခံများ ပြောဆိုကြသည်။



Photo- ယားယံအဖုပိတ်ထွက်နေသူတစ်ဦး(MNA)

၂၀၁၉ ခုနှစ် အောက်တိုဘာလက ယင်းကဲ့သို့ရေအရောင်းပြောင်းလဲလာသည်ကို စတင်သတိထားမိခဲ့ပြီး ဒေသခံများက မသောက်သုံးရဲကြဘဲ ပန်ကန်ဆေး၊ အဝတ်လျော်၊ ရေချိုးရန်အတွက်သာ အသုံးပြုနေသည်ဟု ဆိုသည်။

ဒေသခံများအနေဖြင့် ရေတွင်းရေကန်များကိုလည်း မသုံးစွဲရဲသည့်အတွက် ရေအလှူရှင်ရေများကိုသာ စောင့်မျှော်နေရကြောင်း၊ ယင်းအခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ကိုင်တွယ်ဖြေရှင်းစေလိုကြောင်း မြိုင်ကလေးဒေသခံများက တောင်းဆိုလျက်ရှိသည်။

တစ်ရက်လျှင် ဘိလပ်မြေတန် ၄၀၀၀ နှင့် တန် ၉၀၀ ထုတ် စက်ရုံနှစ်ရုံကို မြိုင်ကလေးကျေးရွာနှင့် လှာကာကျေးရွာတို့တွင် တည်ရှိသည့် မြန်မာ့စီးပွားရေးကော်ပိုင်ရေးရှင်း MEC ပိုင် ဘိလပ်မြေစက်ရုံကို ၂၀၁၈ ခုနှစ်ကစပြီး ကျောက်မီးသွေးလောင်စာဖြင့် အစားထိုးလည်ပတ်ခဲ့ခြင်း ဖြစ်သည်။

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...