ရှမ်းပြည်နယ် မြောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခဒေသများရှိ အမျိုးသမီးများ၏ ဘဝလုံခြုံရေးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောသည်။
လက်နက်ကိုင် ပဋိပက္ခ ဧရိယာထဲတွင် ရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမျိုးသမီးများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့် ဖြစ်စဉ်များ ဖြစ်ပွားနေသည့်အတွက် အမျိုးသမီးများအတွက် ဘဝလုံခြုံမှုကင်းမဲ့နေသည့် အနေအထားတွင် ရှိနေသည်ဟု အမျိုးသမီးအဖွဲ့အစည်းများက ပြောသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးက “အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိတဲ့ဟာ တစ်ခုဖြစ်နေတာပေါ့နော။ ဒီဆရာမတစ်ခုထဲ မဟုတ်ပါဘူး တစ်ခြား အမျိုးသမီးတွေအတွက်လည်း ဂယက်ရိုက်နိုင်တဲ့ အခြေအနေတော့ ဖြစ်ကောင်းဖြစ်မှာပေါ့နော။ ဒီလက်နက်ကိုင်တွေဆိုတာ ဒီတစ်ခုတည်းမဟုတ်ပါဘူး တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်တွေလည်း အများဆုံး ရှိနေတဲ့ ဧရိယာ ဖြစ်နေတဲ့အတွက်ခါကျတော့ ကိုယ်စိုးရိမ်တာက နောက်နောင်အနာဂတ်မှာလည်း ဒီလိုမျိုးနည်းတူ တစ်ခြားလက်နက်ကိုင်တွေလည်း ဖြစ်လာနိုင်ခြေရှိမလားဆိုတဲ့ စိုးရိမ်ချက်နဲ့ အမျိုးသမီးတွေ အတွက်နဲ့ လုံခြုံမှုကင်းမဲ့သလိုမျိုးတော့ ဖြစ်တာပေါ့” ဟုပြောသည်။
ဇန္နဝါရီလ ၂၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ဟွေခုတ်ကျေးရွာမှ မူလတန်းပြ ဆရာမတစ်ဦးကို ၎င်း၏ချစ်သူမှ သေနတ်ဖြင့်ပစ်သတ်သွားခဲ့ပြီး အဆိုပါအမှုအတွက် တရားမျှတမှုရစေချင်သည်ဟု TWO ကပြောသည်။
အဆိုပါ ဆရာမအား သေနတ်ဖြင့် ပစ်သတ်သွားသူမှာ PSLF/TNLA ၏ တပ်ဖွဲ့ဝင် မိုင်းဖိုးစိန် ဆိုသူဖြစ်သည်ဟု PSLF/TNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် မိုင်းဖိုးစိန်အား PSLF/TNLA မှ ဖမ်းဆီးထားပြီး ၎င်းတို့၏ဥပဒေအတိုင်း အရေးယူသွားမည် ဟုဆို သည်။
ထို့အပြင် PSLF/TNLA ၏ တရားရေးဌာနရှေ့မှ အများပြည်သူများရှေ့မှောက်တွင် တရားစီရင်ပြီးပါက ပြည်သူလူထုထံသို့ ထပ်မံချပြရှင်းလင်းသွားမည်ဟု PSLF/TNLA ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ “သူတို့ ဖက်က ပြန်ပြီးမှ ဝန်ခံလိုက်တဲ့ အပေါ်မှာကျတော့ ကျမတို့က တော့ ကြိုဆိုတာပေါ့နော်။ ဒါပေမယ့် တစ်ဖက်မှာ ပြန်စဉ်းစား ကြည့်ရမှာက ဒီလို တာဝန်ခံမှုတော့ ရှိတယ် ဒါပေမယ့် တရားမျှတမှု ဘယ်လောက် အတိုင်းအတာ ရှိမလဲ သေဆုံးတဲ့သူအတွက် နစ်နာတဲ့ သူတွေအတွက် ဘယ်လောက်အထိ မျှမျှတတ ဆောင်ရွက်ပေးမလဲ ပွင့်လင်းမြင်သာမှု ရှိမလဲဆိုတာကတော့ စောင့်ကြည့်ရမယ့် အနေအထားတော့ရှိတာပေါ့” ဟု လွေးချိဆငါးက ဆက်ပြောသည်။
ကချင်အမျိုးသမီး အစည်းအရုံး-ထိုင်းနိုင်ငံ (KWAT) မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဆန်ထွယ်က “ကျမတို့ တိုင်းရင်း သားဒေသ စစ်မြေပြင်က အမျိုးသမီးတွေရဲ့ လုံခြုံရေးက အရမ်းကို ထိတ်လန့်ရတဲ့ အပိုင်းတွေရှိတယ်။ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေဖြစ်လာတယ်။ မထင်မှတ်ပဲ စစ်ဖြစ်လာတယ်။ မထင်မှတ်ပဲ အမျိုးသမီးတွေကို target ထားပြီးမှ ကျူးလွန်တာ၊ အန္တရာယ်ပေးတာ၊ လိင်ကျူးလွန်တာတွေလည်း ဖြစ်လာနေတယ်။ အကြမ်းဖက်မှုတွေ အများကြီးဖြစ်လာနိုင်ချေရှိတယ် အဲ့မှာ အကူအညီတောင်းလို့ရတဲ့ နေရာဆိုတာတွေလည်း မရှိဘူး။ လက်နက် ကိုင်တွေများလေ လူထုတွေ အမျိုးသမီးတွေအတွက်က လုံခြုံမှုပိုကင်းမဲ့နေတယ်” ဟု ပြောသည်။
ရှမ်းမြောက်ဒေသတွင် ဖြစ်ပွားနေသည့် စစ်းရေးပဋိပက္ခများ၊ လက်နက်ကိုင်အဖွဲ့အစည်းများပြားမှုများ၏ကြောင့် အမျိုးသမီးများ၏ လုံခြုံရေး စိန်ခေါ်မှု ပိုမိုကြီးမားလာသည်ဟု ဒေါ်ဆန်ထွယ်က ဆက်ပြောသည်။
“ကောင်းခါးက ဆရာမနှစ်ဦး ဘုရားကျောင်းမှာနေရင်း အသတ်ခံခဲ့ရတယ်။ ကွတ်ခိုင်က အမျိုးသမီး သူ့အိမ် သူ့ ဆိုင်မှာနေရင်း အသတ်ခံခဲ့ရတယ်။ တခြားအလားတူပြဿနာတွေ အားလုံးကိုကြည့်ရင် ကျမကိုယ်တိုင် လည်း မလုံခြုံသလိုခံစားရတယ်။ အမျိုးသမီးအသိုင်းအဝိုင်းက အရမ်းကို ကြောက်လန့်လာတယ်။ ခရီးသွားလာနေရင်း၊ ခြံသွားရင်း ဘာဖြစ်လာမလဲ၊ မတွေးတတ်လာဘူး။ အခုဆိုရင် တစ်ယောက်တည်း မသွားမလာရဲတော့ဘူး။”
၂၀၁၉ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်၊ ပိန်းပွန် ကျေးရွာအုပ်စု၊ နမ့်ဆောင်ကျဲကျေး ရွာရှိ နေအိမ်ဈေးဆိုင် အတွင်းတွင် ဒေါ်နန်ထန်ဆိုသည့် အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
“ဒီလိုမျိုးဖြစ်ခြင်းအားဖြင့်က အမျိုးသမီးတွေအတွက်က တစ်မျိုးမဟုတ်ရင် တစ်မျိုးတော့ ဒီလိုမျိုး ခြိမ်းခြောက် မှုတို့ ဂယက်ရိုက်မှုတွေကတော့ ရှိနေတာပေါ့နော လက်သည်မပေါ်တဲ့ လူသတ်မှုတွေလည်း အများကြီးရှိတယ် တစ် ခြားအမှုတွေကရော ဒီအမှုပေါ်မှာရော မျှမျှတတနဲ့ တရားမျှတမှု ရှိဖို့တော့ ကျမတို့ မျှော်လင့်တယ် တစ်ခြား အမှုတွေကလည်း တရားခံ မပေါ်တဲ့ အမှုတွေကလည်း ဒီလိုမျိုး အခုလိုမျိုး လက်နက်ကိုင် ဘယ်လက်နက်ကိုင် မဆို ကျူးလွန်တဲ့အပေါ်မှာ ကိုယ့်အနေနဲ့ ဝန်ခံတဲ့ အနေနဲ့ အဲလိုမျိုးတော့ ဖြစ်စေချင်တယ် ဒီတပ်မတော်ဖက် ကရော တစ်ခြား တိုင်းရင်းသား လက်နက်ကိုင် တွေရော ဒီလိုမျိုးကျူးလွန်တဲ့အပေါ်မှာ။”
လွန်ခဲ့သည့် ၅ နှစ်ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်၊ ကောင်းခါးကျေးရွာတွင် စေတနာ့ ဝန်ထမ်း ကချင်ဆရာမ နှစ်ဦး အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။
သို့သော် အဆိုဖြစ်စဉ်များနှင့် ပတ်သက်၍ ယခုအချိန်အထိ အမှုမှန် တစ်စုံတစ်ရာ ပေါ်ပေါက်ခြင်း မရှိသေးပေ။







