ကွတ်ခိုင်မြို့နယ် ကျောင်းဆရာမ တစ်ဦးကို TNLA တပ်သား ပစ်သတ်ကြောင်း ဝန်ခံ

ကွတ်ခိုင်မြို့နယ် ကျောင်းဆရာမ တစ်ဦးကို TNLA တပ်သား ပစ်သတ်ကြောင်း ဝန်ခံ
Photo by U Ba Nyan/ facebook
Photo by U Ba Nyan/ facebook

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟွေခုတ်ရွာ မူလတန်းပြ ကျောင်းဆရာမကို တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တပ်သားက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သတင်းရရှိသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၂၄ရက် ည ၇နာရီ ဝန်းကျင်တွင် TNLA တပ်သား မိုင်းဖိုးစိန်သည် ဟွေခုတ်ကျေးရွာ မူလတန်းပြ ကျောင်းဆရာမ လွေးမြမွှေးအောင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း TNLA က ဇန်နဝါရီ ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုပြစ်မှုကျူးလွန်သည့် မိုင်းဖိုးစိန်ကို လက်ရှိမှာ TNLA က ဖမ်းဆီးထားပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ မိုင်းဖိုးစိန်ကို TNLA တရားရေး ဌာနက အများပြည်သူ ရှေ့မှောက်တွင် တရားစီရင်ပြီးပါက ပြည်သူလူထုထံသို့ ထပ်မံချပြပြီး ရှင်းလင်းပေးသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူကို TNLA ဥပဒေ အရ မည်ကဲ့သို့ တရားစီရင်ချက်ချမည်နှင့်ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရ မိုင်းအိုက်ကျော်ထံ သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

ထို့ပြင် TNLA ထုတ်ပြန်ချက် နှင့် ပတ်သက်ပြီး ကျောင်းဆရာမ လွေးမြမွှေးအောင်၏ ဦးလေး ဦးအောင်ဝင်းက “ လက်နက်ကိုင်ဘက်ကတော့ သူတို့လူဆိုတာ ဝန်ခံလိုက်တာ တွေ့တယ်။ သူတို့ ဘယ်လို စီရင်ချက်ချမယ်ဆိုတာတော့ ကျနော်တို့လည်း မသိသေးဘူး” ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လက်ရှိမှာ တရားခံကို TNLA က ဖမ်းဆီးထားပြီး၊ TNLA ဥပဒေ လုပ်ထုံးလုပ်နည်းအရ ပြုလုပ်သွားမည်ဟု သိရှိထားကြောင်း ဦးအောင်ဝင်း က ပြောပြသည်။

ဆက်လက်ပြီး ဦးအောင်ဝင်း က “ နောက်နောင် ဒီလို ကိစ္စတွေမဖြစ်အောင်၊ အဖွဲ့အစည်းနဲ့ ပုဂ္ဂိုလ်ရေး နဲ့ နားလည်မှု လွဲနေတာ ကွဲပြားအောင် လုပ်ပေးဖို့ ပြောချင်ပါတယ်။မျှမျှတတ စီရင်ချက် ချဖို့ ပြောချင်ပါတယ်” ဟု တောင်းဆိုလိုက်သည်။

TNLA တပ်သား အနေဖြင့် ပြဿနာကို ဖြေရှင်းသည့် အခါ လက်နက်ဖြင့် မဖြေရှင်းရန်၊ နောက်နောင် ထပ်မံ မပြုလုပ်ရန် စံပြ အနေဖြင့် ပြစ်ဒဏ်ပေးသင့်ကြောင်းလည်း ဦးအောင်ဝင်း က ပြောသည်။

“ နောက် ဘယ်သူမှ မလုပ်ရဲအောင်၊ ပြဿနာကို ဒေါနဲ့ မောနဲ့ မဖြေရှင်းအောင် စံပြ အနေနဲ့ တခုခု လုပ်သင့်တယ်” ဟု ပြောသည်။

ကလေးပညာရေးကိုသာ အဓိက ထားသင်ပြပေးနေသည့် ကျောင်းဆရာမ တစ်ဦး ဆုံးရှုံးရသလို စိတ်ထားကောင်းပြီး အေးဆေးနေတတ်သည့် တူမ ဆုံးရှုံးရခြင်းအတွက် အတိုင်းမသိ ဝမ်းနည်းကြောင်းလည်း ဦးအောင်ဝင်းက ပြောသည်။

ဟွေခုတ်ကျေးရွာ မူလတန်း ကျောင်းဆရာမကို ဇန်နဝါရီ ၂၄ရက် ည ၇နာရီက ဆရာမများနေသည့် အဆောင်တွင် TNLA တပ်သား မိုင်းဖိုးစိန်က လာရောက် ပစ်သတ်ခဲ့သည်။

 

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...