မူဆယ်မြို့ လမ်းမီးတိုင်များ မီးမလင်းမှုကြောင့် ဒုစရိုက်သမား ပိုများနေ

မူဆယ်မြို့ လမ်းမီးတိုင်များ မီးမလင်းမှုကြောင့် ဒုစရိုက်သမား ပိုများနေ

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်မြို့တွင်းရှိ လမ်းမီးတိုင်များ မီးမလင်းသည်ကို အခွင့်ကောင်းယူကာ ဒုစရိုက်သမားများက ခိုးမှု၊ လုယက်မှုများ ကျူးလွန်နေကြကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

မူဆယ်မြို့လယ်ခေါင် လမ်းမီးတိုင် ၄၀ ကျော်ရှိသည့်အနက် ၂တိုင်သာ မီးလင်းကြောင်း၊ ယင်းအပေါ် အခွင့်ကောင်း ရယူကာ  ဒုစရိုက်သမားများ ပြစ်မှု မကြာခဏ ကျူးလွန်ကြောင်း မူဆယ်မြို့ဒေသခံ စိုင်းလျန်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ပြည်ထောင်စု လမ်းမပေါ် ရှိတဲ့ လမ်းမီးတိုင်တွေက ကံကော်လမ်းခွဲ အလယ်ပေါက်ထိ မီးမလင်းဘူး။ တချို့က ကားတိုက်လို့ ပျက်စီးတာ၊ တချို့က မီးသီး မရှိတာ၊ တချို့တိုင်က မီးသီးရှိပြီး မီးမလင်းဘူး” ဟု စိုင်းလျန်းက ဆိုသည်။

အဆိုပါ လမ်းမီးတိုင်များ ပျက်စီးနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်သွားသော်လည်း သက်ဆိုင်ရာက လာရောက် ပြင်ဆင်ပေးခြင်းမရှိကြောင်းလည်း စိုင်းလျန်းက ထပ်လောင်းပြောပြသည်။

“လမ်းမီးက ပျက်နေတာကြာပြီ၊ မြို့ထဲ လမ်းမ မီးပျက်တာ မသိသာပေမယ့် ဆေးရုံ ကနေ စပြီးတော့ တရုတ်ပြည်ဘက် သွားတဲ့လမ်းတစ်လျောက်ဆို မှောင်သွားပြီ။ အဲဒီဘက်မှာ နေ့တိုင်း လုယက်မှု ဖြစ်တယ်” ဟု မူဆယ်မြို့ ဈေးရပ်ကွက် နေထိုင်သူ စိုင်းဆမ်က ပြောသည်။

မူဆယ်မြို့လယ်ခေါင် လမ်းမီးတိုင်များ မလင်းသည့်အတွက် မြို့ အင်္ဂါရပ်နှင့်လည်း မကိုက်ညီကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာများအနေဖြင့် လမ်းမီးတိုင်များ အမြန် ပြန်လည် ပြင်ဆင်ပေးစေလိုကြောင်း၊ လမ်းမီးတိုင်များ မပြင်ဆင်ပါက မူဆယ်ဒေသခံများ ခိုးမှု၊ လုယက်မှုများ ပိုမို များပြားလာနိုင်ကြောင်းလည်း စိုင်းဆမ်က ဆိုသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်ဖြစ်ကာ လက်နက်များ၊ မူးယစ်ဆေးဝါးများ အလွယ်တကူရသည့် ဒေသဖြစ်ပြီး  ခိုးမှု၊ လုယက်မှုများ မကြာခဏ ဖြစ်ပွားသည့် နေရာလည်း ဖြစ်သည်။

May 22, 2026
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို...
တောင်ကြီး ညစျေးတန်းမဖျက်ခင်ကပုံ
May 21, 2026
စိုင်းဆိုင်လျန် — သျှမ်းပြည်၊ တောင်ကြီးမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် Shopping Center Ocean...
May 20, 2026
တရုတ်နိုင်ငံ ကူမင်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်...
May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...