ယခုနှစ် တရုတ်နှစ်သစ်ကူးကာလအတွင်း တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ဝူဟန် ဗိုင်းရပ်(စ်)ရောဂါကြောင့် တရုတ် - မြန်မာ နယ်စပ် မူဆယ်မြို့သို့ လာရောက်လည်ပတ်မည့် အရေအတွက် ထောင်ချီရှိသည့် တရုတ်နိုင်ငံသားများ ခရီးစဉ်ဖျက်သိမ်းမှု ရှိခဲ့သည်ဟု မူဆယ်မြို့ ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ဆောင်နေသည့်သူများထံမှ သိရသည်။
“ ဒီလိုအချိန်မှာ မူဆယ်၊ နမ့်ခမ်းကို လည်ပတ်မယ့် တရုတ်နိုင်ငံသားတွေ ၇ထောင်၊ ၈ထောင်လောက် ရှိတယ်။ ဒီနှစ်အတွက်လည်း ၄ထောင် လာဖို့ ပြောထားတယ်။ ဒါပေမယ့် ခရီးစဉ်က ဖျက်သိမ်းလိုက်ရတယ်” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ စိုင်းလှက ပြန်ပြောပြသည်။
ယခင်နှစ် တရုတ်နှစ်သစ်ကူးကာလတွင် မူဆယ်မြို့နယ်အတွင်း လာရောက်လည်ပတ်သည့် တရုတ်လူမျိုး တစ်ရက်လျှင် တစ်သောင်းနီးပါး ရှိသည်ဟု သိရသည်။
အသက်ရှူလမ်းကြောင်းကြပ်မှုနှင့် အဆုပ်ရောင် (ဝူဟန် ဗိုင်းရပ်စ်)ကို ထိန်းချုပ်ရန်အတွက် ဇန်နဝါရီ ၂၆ရက်နေ့ကစတင်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပန်းခြံ၊ ဟိုတယ် နှင့် ခန်းထိုက် ကစားဝိုင်းများ အားလုံးကို ယာယီ ပိတ်ထားကြောင်းလည်း တရုတ်အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
“ တရုတ်ဘက်က လည်စရာတွေ၊ အားလုံး မနေ့(ဇန်နဝါရီ ၂၆ရက်)က စ ပိတ်တယ်။ နှစ်ပြည် တစ်ရွာ လည်တဲ့နေရာလည်း ပိတ်လိုက်ပြီ။ မနှစ်က ဒီလိုအချိန်ဆို တစ်ရက်တည်း တစ်သောင်းကျော်ထိ လာလည်ကြတယ်” ဟု စိုင်းလှက ထပ်လောင်းပြောပြသည်။
မူဆယ်မြို့နယ်ရှိ နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်၊ ရွှေနန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ် နှင့် ပန်ဆိုင်း (ဝမ်တိန်ဂိတ်) တို့ကို ယနေ့အချိန်ထိ ဖွင့်လှစ်ထားကြောင်းလည်း မူဆယ်မြို့ဒေသခံများက ဇန်နဝါရီ ၂၇ ရက်တွင် ပြောသည်။
“ ဂိတ်တွေကတော့ ဖွင့်နေသေးတယ်။ ဝင်ထွက်သွားလာတာကတော့ နည်းသွားတယ်။ ဂိတ်တွေမှာတော့ ကျန်းမာရေး စစ်ဆေးတာတွေ ရှိတယ်” ဟု မူဆယ်မြို့တောင်ရပ်ကွက် ဒေသခံ စိုင်းအွမ်ခေးက ပြောသည်။
ယခုကာလသည် တရုတ်နှစ်သစ်ကူးကာလဖြစ်သည့်အတွက် နယ်စပ်ကုန်သွယ်မှု ထိခိုက်မှု သိပ်မရှိသေးသော်လည်း တနိုင်တပိုင် ဈေးသည်များအတွက် အနည်းငယ် ထိခိုက်မှုရှိကြောင်း စိုင်းအွမ်ခေးက ဆိုသည်။
လက်ရှိ နယ်စပ်ဒေသ မူဆယ်၊ နမ့်ခမ်းတစ်လျှောက် ဝူဟန် ဗိုင်းရပ်(စ်) ကာကွယ်ရေးအတွက် သက်ဆိုင်ရာ ကျန်းမာရေးဌာနက ပညာပေးမှု အားနည်းသည့်အတွက် ဒေသခံများ စိုးရိမ်မှုများ ရှိနေကြောင်းလည်း သိရသည်။
ဝူဟန်ဗိုင်းရပ်(စ်) ရောဂါများ ကာကွယ်ရန်အတွက် သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားကလည်း ကစားပျော်ရွှင်သည့် နေရာများကို ယာယီ ရပ်နားထားကြောင်း သိရသည်။ အကပဒေသာ ဖျော်ဖြေခြင်း၊ ပျော်ပွဲရွှင်ပွဲ ကျင်းပခြင်းနှင့် ဘာသာရေးဆိုင်ရာလုပ်ငန်းများ ကျင်းပခြင်းတို့ကို ဖျက်သိမ်းရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် မြို့ မဈေးနှင့် စားသောက်ဆိုင်များတွင် တောရိုင်းတိရိစ္ဆာန် ရောင်းချခြင်းများ မပြုလုပ်ရန်လည်း ဇန်နဝါရီ ၂၆ရက်က ထုတ်ပြန်သည့် ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။
ယနေ့အချိန်ထိ တရုတ်နိုင်ငံတွင် ဝူဟန်ရောဂါကူးစက်သည့် သူ ၂၇၄၄ဦး ရှိပြီး သေဆုံးသူ ၈၀ ဦး ရှိကြောင်း တရုတ်အစိုးရ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၇ ရက်က သိရသည်။







