သန့်မြတ်ခိုင် - ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ စညင်းစစ်ဘေးရှောင်စခန်းသို့ တပ်မတော်စစ်ကြောင်းတစ်ခုက ဇန်နဝါရီ ၂၅ ရက် ညဉ့်အချိန်က ဝင်ရောက်လာပြီး စစ်ရှောင်များအား ခြိမ်းခြောက်မှုများ ပြုလုပ်ကာ စခန်းရှိ ယာယီတဲအချို့ကို ဖျက်ဆီးသွားခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောကြားသည်။
စညင်း စစ်ဘေးရှောင်စခန်းမှ အမျိုးသမီး တစ်ဦးက “ ကျွန်မတို့ စခန်းကို ၁၁ နာရီ ကျော်လောက်မှာ သေနတ်တွေ ပစ်ဖောက်ပြီး ဝင်လာပါတယ်။ ကျွန်မတို့လည်း ကြောက်ပြီး မြေမှာ ဝပ်နေကြပါတယ်။ လူတွေကို အကုန်လုံး တဲအပြင်ကို ခေါ်ထုတ်ပါတယ်။ ဒူးတုတ် နေရပါတယ်။ သူတို့ကို မော်မကြည့်ရဘူး။ ဒီနေရာမှာ မမြင်ချင်ဘူးလို့ ပြောပါတယ်။ လူတွေကို ရိုက်တာ ပုတ်တာတွေ မလုပ်ဘူး။ ဒီမှာ မနေ့နဲ့ ထွက်သွားဖို့ ပြောပါတယ်။ တဲသုံးဆောင်ကို ဖြိုပစ်ခဲ့ပါတယ်။ အခေါင်မိုး အစတွေကိုလည်း ဆွဲချပြီး ကားလမ်းပေါ်မှာ မီးတိုက်သွားပါတယ်” ဟု ပြောသည်။
ဇန်နဝါရီ ၂၅ ရက် ညဉ့် အချိန် စစ်ရှောင်ဒုက္ခသည်များကို စုပြီးထိုင်ခိုင်းကာ မိုးလင်းလျှင် စခန်းတွင် စစ်ရှောင်များအား မမြင်ချင်ကြောင်း ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည်ဟု စညင်းစစ်ရှောင်စခန်းမှ အခြား စစ်ဘေးရှောင် တစ်ဦးကလည်း နိရဥ္စရာသို့ပြောသည်။
“တဲအိမ်တွေကို ဘယ်ကနေဆောက်ခိုင်းလို့ ဆောက်တာလဲလို့ မေးတယ်။ သေနတ်တွေ အပေါ်ထောင်ပြီး ပစ်တယ်။ လူတွေကိုလည်း ဆွဲထုတ်တယ်။ သတ်ပစ်မယ်ဆိုပြီးပြောပါတယ်။ အဆောင်တွေကိုလည်း ဖျက်ဆီးပါတယ်။ တာပေါ်လင်စတွေကို မီးရှို့ပါတယ်။ မနက်ဖြန် ဒီမှာတစ်ယောက်ကိုလည်း မမြင်ရစေနဲ့လို့ပြောပါတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စစ်ဘေးရှောင်ဒုက္ခသည်တစ်ဦးက ပြောသည်။
၎င်းစစ်ကြောင်းတွင် အင်အား ၁၀၀ ကျော်ခန့်ပါဝင်ပြီး လေးဘက်လေးတန်မှ သေနတ်များကို မိုးပေါ်ထောင်ပစ်ကာ ဝင်ရောက်လာခဲ့ကြသည်ဟု မျက်မြင်များက ပြောဆိုသည်။
ထိုစညင်းစစ်ဘေးရှောင်စခန်းသို့ ဇန်နဝါရီ ၂၆ ရက်တွင် သွားရောက်ကြည့်ရှုခဲ့သည့် ဦးဇင်း သဘာဝနဒီ က စညင်းကယ်ဆယ်ရေးစခန်းမှ ယာယီတဲများကို ဖျက်ဆီးပြီး ကာရံထားသည့်တာပေါ်လင်စများနှင့် ဗီနိုင်းများကိုလည်း ဆွဲခွာကာ လမ်းတွင် မီးရှို့ထားခဲ့ကြောင်း မိန့်ကြားသည်။
“လွန်ခဲ့တဲ့ တစ်လကျော်က ရွာက အလယ်မှာ ရွာဟိုဘက်တောင်ဒီဘက်တောင်ကနေပြီး တော့ ရွာကို ကြားညှပ်လို့ ပစ်ကြတယ်။ အဲဒါကို ကြောက်လို့ ပြေးကြတာ။ သူတို့ပြေးနေကြတာ တစ်လ ကျော်လောက်ရှိပြီ။ ပထမစလို့ပြေးတာက စညင်းကိုပြေးတယ်။ စညင်းမှာမနေဝံ့လို့ ကမ်းထောင်းကြီးကို ပြေးတယ်။ ဆိုတော့အခု တိုက်ပွဲက ပါးလာတော့ စညင်းကိုပြန်လာပြီး စညင်းကယ်ဆယ်ရေးစခန်းမှာ ပြန်ဝင်လာကြတာ။ အခု ဒီစခန်းကို ဝင်လာတော့ အဲသလို အဖြစ်မျိုးနဲ့ ကြုံကြရပြန် တယ်။ တစ်ချို့လည်း ကြောက်ပြီး ထွက်ပြေးသွားကြပြီ။ ဘုန်းတော်ကြီးကျောင်းမှာ ပုန်းနေတယ်လူတွေလည်း ရှိနေကြတယ်လို့ သိရပါတယ်” ဟု ဦးဇင်း သဘာဝနဒီက မိန့်ကြားသည်။
ယခု စညင်း စစ်ဘေးရှောင် စခန်းသို့ရောက်ရှိနေကြသူများမှာ ဟင်းခရော်၊ အင်ကြင်း၊ လီသွန် ကျေးရွာသားများဖြစ်ပြီး လွန်ခဲ့သည့် တစ်လခန့်က ကျေးရွာအနီး ပစ်ခတ်မှုဖြစ်ပွားပြီး ကြောက်လန့်ကာ နေရပ်စွန့်ခွာထွက်ပြေးလာခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် စညင်းကျေးရွာ အရှေ့ဘက် ဘောလုံးကွင်းတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းတွင် ရောက်ရှိနေခြင်းဖြစ်ကာ လူပေါင်း ၅၀၀ နီးပါးခန့်ရှိကြောင်း မြေပုံမြို့နယ် အင်ကြင်းကျေးရွာမှ ထွက်ပြေးလာသူ စစ်ဘေးရှောင်တစ်ဦးကပြောသည်။
စညင်းကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ဇန်နဝါရီ ၂၅ ညဉ့် ၁၁ နာရီ ကျော် အချိန်က စစ်တပ်က သေနတ် အချက်ပေါင်း ၁၀၀ ကျော် ပစ်ခတ်ကာ စစ်ဘေးရှောင် စခန်းထဲသို့ ဝင်ရောက်ခဲ့ကာ စစ်ပြေးရှောင်များအား ၎င်းနေရာမှ စွန့်ခွာသွားကြရန် ပြောကြားခဲ့သည်ဟု ပြောဆိုသည်။
“ စစ်ဘေးရှောင်က ၅၀၀ လောက်ရှိတယ်။ ဒီလောက်လူကို ရွာထဲမှာ နေရာချထားဖို့ကလည်း မဖြစ်နိုင်ဘူး။ တပ်ကလည်း ဒီစစ်ရှောင်စခန်းမှာ နေရင် တစ်ခုခု လုပ်မယ်ဆိုပြီး ပြောတော့ ဒီလူတွေ နေထိုင်ရေးက လက်ရှိမှာ တော်တော့ကို အခက်အခဲ ဖြစ်နေကြပါတယ်။ လူတွေလည်း သေနတ်ပစ်သံတွေကို ကြားလိုက်ရတော့ အရမ်းကြောက်နေကြပါတယ်။ အခု သူတို့ကို ဘယ်လို နေရာချထားပေးမလဲဆိုတာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဦးဇင်း သဘာဝနဒီတို့နဲ့ ဆွေးနွေးနေပါတယ်” ဟု ပြောကြားသည်။
အိပ်နေသည့် စစ်ဘေးရှောင် ဒုက္ခသည်များအား ဆွဲထုတ်ပြီး စုထိုင်ခိုင်းကာ ထိုနေရာတွင် စခန်းမချရန် ခြိမ်းခြောက်ခဲ့ကြောင်း၊ စစ်ဘေးရှောင် ဒုက္ခသည်များ၏ မှတ်ပုံတင်များ၊ ဖုန်းများအားလည်း ယူဆောင်သွားကြောင်း ဒုက္ခသည်များအား ကိုးကားပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
“သူတို့ကတော့ လောလောဆယ်စောင့်ကြည့်နေကြတယ်။ သူတို့မှာ ပြေးစရာလည်း နေရာ မရှိတော့ဘူး။ ရွာတွေမှာလည်း မသွားရဲတော့ ရွာကြီးတစ်ရွာဖြစ်တဲ့ ဒီစညင်းရွာနားမှာပဲ နေကြတာ။ နောက်ဆုံးမတတ်သာမှထွက်သွားကြဖို့ အခြေအနေရှိတယ်။ အခုတော့ သူတို့ စောင့်ကြည့် နေကြတယ်။ အခုအနီးအနားတွေမှာလည်း စစ်သားတွေရှိတယ်။ ထပ်ပြီးတော့ ဒီနေ့(ဇန်နဝါရီ ၂၆)ည ဖြစ်လာမှာကို ကြောက်နေကြတယ်။ အဲဒါကြောင့် သူတို့ကလှမ်းပြီးတော့ အကူအညီ တောင်းနေကြတာဖြစ်တယ်” ဟု ဦးဖေသန်းက ပြောသည်။
စစ်ဘေးရှောင်စခန်းဆိုသည်မှာ အမှန်မဖျက်သင့်သည့် အရာဖြစ်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ မိမိတို့မကယ်ဆယ်နိုင်သည့်တိုင်အောင် အလှူရှင်၊ စေတနာရှင်များက ကယ်ဆယ်ရေး လုပ်ဆောင် ထားသည့် အရာများကို ထိုသို့ဖျက်ဆီးခြင်းအပေါ် နားလည်ရခက်နေကြောင်း၊ မည်သည့် ရည်ရွယ်ချက်ဖြင့် လုပ်သည်ကို မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့ မသိရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူချုပ်ဇော်မင်းထွန်းတို့ထံ နိရဥ္စရာသတင်းဌာနက ယနေ့ ဇန်နဝါရီ ၂၆ ရက် မွန်းတည့် ၁၂ နာရီခန့်က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသဖြင့် တပ်ဘက်က သဘောထားကို တင်ပြပေးနိုင်ခြင်းမရှိပါ။







