ရှမ်းမြောက်ဒေသတွင် မိုင်းကြောင့် ထိခိုက်သူ ၈ ဦး ရှိပြီ

ရှမ်းမြောက်ဒေသတွင် မိုင်းကြောင့် ထိခိုက်သူ ၈ ဦး ရှိပြီ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုနှစ် ဇန္နဝါရီလအတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ၈ ဦးအထိ ရှိပြီဟု တအာင်းအမျိုးသမီးအဖွဲ့ TWO ကပြောသည်။

“ဒီတစ်လထဲမှာဆိုရင်တော့ စုစုပေါင်း ၈ ယောက်ရှိပြီ၊ ဒဏ်ရာရတာပေါ့နော်။ နမ့်ဆန်မှာကတော့ တစ်ယောက်၊ ကျောက်မဲက ၆ ယောက်၊ နမ္မတူ တစ်ယောက်ဆို ၈ ယောက်” ဟု တအာင်းအမျိုးသမီးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါးက ပြောသည်။

၂၀၂၀  ပြည့်နှစ် ဇန္နဝါရီလအတွင်း မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများမှာ ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာမှ ၃ ဦး၊ တောင်ပလို့ကျေးရွာမှ ၁ ဦး၊ ပန်လော့ကျေးရွာမှ ၂ ဦး၊ နမ့်ဆန်မြို့နယ် ပန်နှိမ်း ကျေး ရွာမှ ၁ ဦး နှင့် နမ္မတူမြို့နယ်မှ ဒေသခံ ၁ ဦးဖြစ်သည်ဟု TWO က ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဇန္နဝါရီလ ၃ ရက်၊ ၆ ရက်၊ ၁၉ ရက်၊ ၂၁ ရက်နှင့် ၂၃ ရက်နေ့များတွင် မိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဇန္နဝါရီလ ၂၃ ရက်က မိုင်းပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ လွေးချိဆငါးက ယခုကဲ့သို့ ပြောသည်။

“သူတို့ ၃ ယောက်က တောင်ပေါ်မှာ တောင်ယာလုပ်တာပေါ့။ အဲဒီမှာ တောင်ယာခုတ်ဖို့ ထင်းခုတ်ဖို့သွားရင်းနဲ့ ဆိုင်ကယ် ၃ ယောက်တစ်စီး သွားနေတဲ့ အချိန်မှာပဲ သူတို့သွားတဲ့ လမ်းမှာပဲ ပေါက်ကွဲမှုဖြစ်သွားပြီးမှ ဒဏ်ရာ ကိုယ်စီရရှိကြတာ”ဟု လွေးချိဆငါးက ပြောသည်။

အာဗြောင်ကျေးရွာမှ ဒေသခံရွာသားများဖြစ်သည့် မိုင်းကျော်ရွှင် အသက်(၂၇) နှစ်၊ မိုင်းကျော်လင်း အသက် (၂၈) နှစ်နှင့် မိုင်းမင်းနိုင် အသက် (၃၀) နှစ် တို့သည် ကျေးရွာအနီးတွင် ထင်းရှာရန်သွားစဉ် မိုင်းထိမိ ပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဇန္နဝါရီလ ၂၃ ရက်က မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃ ဦးထဲမှ ဒဏ်ရာ ပြင်းထန်သူ တစ်ဦးကို မန္တလေး ပြည် သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ကျန် ၂ ဦးကို ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားသည်ဟု TWO က ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဆက်တိုက်ဆိုသလို မိုင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ပိုမို များပြားလာသည့်အတွက် နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဒေသခံများ သွားလာ လုပ်ကိုင် စားသောက်သည့် နေရာများနှင့် ကျေးရွာအနီးတစ်ဝိုက်တွင် မိုင်းမထောင်ကြရန် ဒေသခံများက တောင်းဆိုထားသည်။

ထို့အပြင် မိုင်းထောင်ထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို နစ်နာကြေးများအဖြစ် ထောက်ပံ့မှု တစ်စုံတစ်ရာသော်လည်းကောင်း၊ ကုသမှု ပုံစံမျိုးသော်လည်းကောင်း ပြန်လည် လုပ်ဆောင်ပေးစေလိုကြောင်း TWO က တောင်းဆိုသည်။

မိုင်းပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသည့် ကျောက်မဲမြို့နယ်၊ နမ့်ဆန်မြို့နယ် နှင့် နမ္မတူမြို့နယ်တို့မှာ တပ်မတော်အပါအဝင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA နှင့် အခြားသော ပြည်သူ့စစ်တပ်ဖွဲ့များ သွားလာလှုပ်ရှားနေသည့် နေရာများ ဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...