ဒုက္ခသည်အမျိုးသမီး ဘဝလုံခြုံရေး ဥပဒေ ပေါ်ပေါက်ဖို့ လို

ဒုက္ခသည်အမျိုးသမီး ဘဝလုံခြုံရေး ဥပဒေ ပေါ်ပေါက်ဖို့ လို

အန်ထောနီ — ဒုက္ခသည် ပြန်လည်နေရာချထားရေးကိစ္စရပ်တွေမှာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုရှိရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သဘောတူညီချက်တွေ ရရှိဖို့ လိုသလို ဥပဒေတွေလည်း အမြန်ဆုံး ပေါ်ပေါက်ဖို့ လိုပါတယ်လို့ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO)မှ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) ဗဟိုကော်မတီဝင် မူရင်းအားပိုင်က ပြောပါတယ်။

“အမျိုးသမီးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှု၊ အထူးသဖြင့် ဒုက္ခသည် ပြန်လည်နေရာချထားရေးကိစ္စတွေမှာ အစိုးရအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်စေချင်ပါတယ်။ မငြိမ်းချမ်းတဲ့အတွက်ကြောင့် ပြည်သူလူထုတွေလည်း မငြိမ်းချမ်းတဲ့ဒဏ်တွေ ခံစားနေရတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ အထူးသဖြင့် ဒုက္ခသည်တွေကို အမြန်ဆုံး ပြန်လည်နေရာချထားရေးနဲ့ အမြန်ဆုံး နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည် စတင်နိုင်ဖို့အတွက် သဘောတူညီချက် အမြန်ဆုံး ရပါစေလို့ ဆန္ဒပြုပါတယ်”လို့ မူရင်းအားပိုင်က ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးဥပဒေဆိုတာ မူကြမ်းအဆင့်လောက်ပဲ ရှိနေသေးတာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုတွေအတွက်က စိုးရိမ်ရသလို စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အမျိုးသမီးတွေအတွက် လုံခြုံမှု လုံးဝ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒီ အကြောင်းအရာနဲ့ပတ်သက်လို့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၅ ရက်နေ့က ဖယ်ခုံမြို့ ဟိန်းဓမ္မ ပ်ကွက်မှာ ကယန်းအမျိုးသမီးအစည်းအရုံး (KyWO) အဖွဲ့ဦးဆောင်ပြီးတော့ ငြိမ်းချမ်းရေးအတွက် ဒေသခံအာဏာပိုင်တွေနဲ့ တွေ့ဆုံညှိနှိုင်းတဲ့ ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးဆိုတာ သေနတ်သံ တိတ်နေလို့ ငြိမ်းချမ်းပြီလို့ ပြောလို့မရသေးဘဲ ဒေသဖွံ့ဖြိုးရေးနဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရရှိရေးမရှိခြင်းဟာလည်း ငြိမ်းချမ်းမှု မရှိသေးတာ ဖြစ်တယ်လို့ ယူဆရကြောင်း ကယန်းအမျိုးသားပါတီ အတွင်းရေးမှူး ခွန်းကလဲမင်းက ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ငြိမ်းချမ်းရေးဆိုတာ စစ်ဖြစ်တာတစ်ခုတည်းပဲလို့ မခံယူထားဘူး။ သေနတ်သံတိတ်မှ ငြိမ်းချမ်းရေးရတာမျိုးမဟုတ်ပဲနဲ့ ဖွံဖြိုးတိုးတက်ရေးတွေ၊ လွတ်လပ်မှုတွေ မရှိခြင်းဟာလည်း ငြိမ်းချမ်းမှု မရှိသေးတဲ့အထဲမှာ ထည့်သွင်းထားတယ်” လို့ ခွန်းကလဲမင်းက ပြောပါတယ်။

ဆွေးနွေးပွဲမှာ အဓိကပါဝင်တဲ့ခေါင်းစဉ်တွေကတော(CIDAW) အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်အကြောင်း၊ (UNSCR-1325) ကမ္ဘာ့ကုလသမဂ္ဂမှ ဆုံးဖြတ်ချက်ချထားတဲ့ လုံခြုံရေးကောင်စီအကြောင်းနှင့် ကရင်နီပြည်နယ်ရဲ့ ဖွဲ့စည်းပုံအခြေခံမူကြမ်းအကြောင်းတို့ကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

“ပြည်သူတွေက မသိကြသေးဘူး။ ဒါကြောင့် ဒီနေ့ဆွေးနွေးပွဲမှာ ဒီအကြောင်းကို ထည့်ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်။ နောက်ထပ် ဆွေးနွေးတဲ့ခေါင်းစဉ်ကတော့ (UNSCR) ကမ္ဘာ့ကုလသမဂ္ဂမှ ဆုံးဖြတ်ချက်ချတဲ့ လုံခြုံရေးကောင်စီအမှတ် (၁၃၂၅) အကြောင်းဖြစ်တယ်” လို့ ကယန်းအမျိုးသမီးအစည်းအရုံး(KyWO) အဖွဲ့၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေး လုပ်ငန်းစဉ်တာဝန်ခံ ဒေါ်ယုယုဆွေက ရှင်းပြသွားပါတယ်။

လက်တွေ့ဘဝမှာ တိုင်းရင်းသားဒေသဘက်က အမျိုးသမီးတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ မြေယာသိမ်းဆည်းမှု ခံရတာတွေ၊ မူးယစ်ဆေးဝါးကြောင့် အကြမ်းဖက်ခံရတာတွေ၊ ပြည်တွင်းစစ်ကြောင့် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မပြုကျင့်ခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါအဖွဲ့အနေနဲ့ ပြည်နယ်ငြိမ်းချမ်းရေးနဲ့ အုပ်ချုပ်ရေးတွေမှာ အမျိုးသမီးများ အခွင့်အရေးနည်းပါးနေပြီး အမျိုးသမီးများ နေရာရရေးအတွက်နဲ့ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် တခြား အမျိုးသမီးအဖွဲ အစည်းတွေနဲ့ ပူးပေါင်းပြီး ကြိုးစား လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...