အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရမည်ဟု PPST ဆုံးဖြတ်

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရမည်ဟု PPST ဆုံးဖြတ်
PPST သတင်းစာရှင်းလင်းပွဲ(NCA-S EAO)
PPST သတင်းစာရှင်းလင်းပွဲ(NCA-S EAO)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ UPC (၂၁) ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) မကျင်းပမီ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရမည်ဟု အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်မှုအဖွဲ့ PPST အစည်းအဝေး (၀၈/၂၀၂၀)တွင် ဆုံးဖြတ်ခဲ့သည်။

ယင်းအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇန်နဝါရီ ၁၇-၁၈ ရက်က ကျင်းပခဲ့ရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ကိုယ်စားလှယ်များ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

PPST အဖွဲ့ဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော်သံခဲက “၂၁ ပင်လုံကျင်းပမယ်ဆိုရင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေဆိုတာ

မလွဲမသွေပေါ့။ ဒါ လူထုတွေ့ဆုံပွဲ တွေ၊ အမျိုးသားရေးဆိုင်ရာ၊ နောက်တစ်ခုက အကြောင်းအရာဆိုင်ရာ၊ နောက်ပြီးတော့ ဒေသန္တရဆိုင်ရာ ဒီဆွေးနွေးပွဲတွေဟာ NCA မှာထဲကိုက လိုအပ်နေတာဖြစ်တယ်။ ဒါ့ကြောင့် ဒီဆွေးနွေးပွဲတွေ ကျင်းပဖို့ လိုအပ်တာ ဖြစ်တဲ့အတွက် ဒီ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ဖို့ NCA-S EAO တွေဘက်က ညှိနှိုင်းရေးအဖွဲ့တွေနဲ့ အစိုးရ၊ တပ်မတော်ဘက်က ညှိနှိုင်းရေးအဖွဲ့တွေက မကြာခင်မှာ ညှိနှိုင်းဆွေးနွေးလိမ့်မယ်” ဟု ပြောသည်။

အာဏာပိုင်များပိတ်ပင်တားဆီးမှုအပါအဝင် ယခင်က အကြောင်းအမျိုးမျိုးကြောင့် မကျင်းပဖြစ်ခဲ့သော ရှမ်းနှင့် ရခိုင်လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများအပြင် သက်ဆိုင်ရာနေရာဒေသအသီးသီးတွင် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပသွားရန် ဆွေးနွေးသဘောတူညီခဲ့ကြသည်ဟု ဆိုသည်။

PPST ပြောခွင့်ရ နိုင်အောင်မငေးက “ဒီနှစ်ရက်တာ အစည်းအဝေး ဒီဆုံးဖြတ်ချက် ငါးချက်ကို အကျဉ်းချုံး ပြောမယ်ဆိုရင် လာမည့် ဒီ UPC (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ)  ဘယ်လိုကျင်းပမလဲ၊ နောက်တော့ ကျနော်တို့ ကျင်းပတဲ့အခါကြရင် ဘယ်အချက်ကို အဓိက ထားပြီး လုပ်ကြမလဲဆိုတာ အသေးစိတ် စဉ်းစားကြတယ် ဆွေးနွေးကြတယ်၊ နောက်ပြီးတော့ ကျနော်တို့ အသေးစိတ် အလုပ်အဖွဲ့ လာမည့် ၂၈ အလုပ် အဖွဲ့ထဲမှာလည်း ပိုပြီးတော့ တစ်ဘက်က အစိုးရ အဖွဲ့နဲ့လည်း ကျနော်တို့ အသေးစိတ် ပြန်ပြီးတော့ ဆွေးနွေးဖို့လည်း လမ်းညွန်ချက် ချထားပါတယ်”ဟု ဆိုသည်။

သို့ရာတွင် သတ်မှတ်သည့်အတိုင်း မဖြစ်အောင်လုပ်ချင်သည့်အင်အားစုရှိကြောင်း၊ မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို မပြောလိုကြောင်း PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ခွန်ဥက္ကာက RFA သတင်းဌာနကို ပြောကြားခဲ့သည်။

“အဲဒီဟာကို သတ်မှတ်တဲ့အတိုင်း မဖြစ်အောင် လုပ်ချင်တဲ့ အင်အားစု ရှိတယ်၊ ပွင့်ပွင့်လင်းလင်း ပြောရင် ရှိတယ်၊ ဘယ်သူလဲတော့ မပြောဘူး၊ ရှိတယ် နည်းမျိုးစုံနဲ့လည်း အချိန်ကိုက် မဖြစ်အောင် ဖန်တီးနိုင်တယ်” ဟု ခွန်ဥက္ကာက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) ကို လာမည့်ဧပြီလအတွင်း ကျင်းပရန်လျာထားသည့်အတွက် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အဆင့် ၃ ဆင့်ပါသည့် သဘောတူညီချက်များကို နှစ်ဖက်ညှိနှိုင်းရှာဖွေခြင်း၊ ၂၀၂၀ လွန်ကာလ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် အခြေခံမူများရှာဖွေခြင်းတို့ ပါဝင်သည်ဟု သိရသည်။

ထို့ပြင် ၂၁ ရာစုပင်လုံ အစည်းအဝေးတွင် အားလုံးပါဝင်လာနိုင်ရေးအတွက် အပစ်မရပ်သေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် NCA အပစ်ရပ်အဖွဲ့များ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ UPC မတိုင်မီ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း PPST အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

လက်ရှိ PPST အဖွဲ့ကို ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်ကို တင်မြှောက်ထားပြီး ကရင်အမျိုးသားအစည်းအရုံး KNU၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်သစ်ပါတီ NMSP၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU၊ PNLO နှင့် ABSDF တို့ ပါဝင်လျက်ရှိသည်။

March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...