နော်ဒွေးအယ်ခူ — ကယားပြည်နယ် တိုးတက်စေဖို့ ပြည်သူတွေကိုယ်တိုင် လုပ်ရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကယားပြည်နယ်ခရီးစဉ်မှာ ပြောကြားသွားပါတယ်။
ဇန်နဝါရီ ၁၅ရက်နေ့မှာ ကျင်းပတဲ့ ၆၈နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနား မိန့်ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကိုယ့်ပြည်နယ်ကို တိုးတက်စေချင်ရင် ကိုယ်ကိုယ်တိုင်လုပ်ရမယ်။ အစိုးရလုပ်ပါ ဆိုပြီးတော့လည်း အားမကိုးပါနဲ့။ အခြားသူတွေလုပ်ပါ ဆိုပြီးတော့လည်း အားမကိုးပါနဲ့။ ကိုယ်ကိုယ်တိုင်လုပ်ကြပါ” လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
၆၈နှစ်မြောက် ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲနှင့် လူထုအခမ်းအနားကို ကယားပြည်နယ်နေ့ပွဲတော်ကွင်းမှာ ပြုလုပ်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဖွင့်လှစ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။
လွိုင်ကော်မြို့ဟာ အာဆီယံခရီးသွား အသန့်ရှင်းဆုံးမြို့အဖြစ် သတ်မှတ်ခံရတာနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရသော်လည်းကောင်း ၊ ပြည်နယ်အစိုးရသော်လည်းကောင်း ပြည်နယ်အတွင်းရှိ ပြည်သူတွေအားလုံးရဲ့ ဝိုင်းဝန်းကြိုးစားမှုကြောင့်ရရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၀ခုနှစ် ဇန်နဝါရီလအတွင်း ဘရူနိုင်းနိုင်ငံမှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့တော် စံနှုန်းများဆိုင်ရာဆု (ASEAN Clean Tourist City Standard Award) ကို တက်ရောက်ယူရမယ့် စာရင်းထဲမှာ လွိုင်ကော်မြို့ ပါဝင်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှ မြို့နယ်ပေါင်း ၅၀ကျော် ဝင်ရောက်ယှဉ်ပြိုင်တဲ့အနက် ကယားပြည်နယ်မှ လွိုင်ကော်မြို့၊ တနင်္သာရီတိုင်းဒေသကြီးမှ ထားဝယ်မြို့၊ ရှမ်းပြည်နယ်မှ တောင်ကြီးမြို့တို့က ရရှိခဲ့တာပဲဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ပေးပို့တဲ့ သဝဏ်လွှာထဲမှာလည်း လွိုင်ကော်မြို့ဟာ သန့်ရှင်းသော အာဆီယံခရီးသွားမြို့တော်ဆုရရှိထားတဲ့အတွက် ပြည်နယ်တစ်ခုလုံး သာယာသော စံပြခရီးသွားပြည်နယ်ဖြစ်လာစေရေး ပြည်နယ်သူ ပြည်နယ်သားများ အားလုံးက ပူးပေါင်းပါဝင် ကြိုးပမ်းပေးကြပါရန် အလေးအနက် တိုက်တွန်းကြောင်း ပါရှိပါတယ်။
ကယားပြည်နယ်နေ့အခမ်းအနားမှာတော့ သဘာပတိအဖွဲ့ဝင်များ ရောက်ရှိနေရာယူြုခင်း၊ နိုင်ငံတော်အလံအားအလေးပြုခြင်း ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒေသခံတိုင်းရင်းသားလူငယ်များက “မငြိမ်းချမ်းလို့မဖြစ်ဘူး” တေးသီချင်းအား သီဆိုဖျော်ဖြေခြင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ်က ၆၈နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း၊ မှတ်တမ်းဓတ်ပုံရိုက်ကူးခြင်း၊ ကယားမျိုးနွယ်စု ၉ မျိူး၏ရိုးရာအကနှင့် ဗုံပလွေအကဖြင့်ပိတ်သိမ်းရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင် က ခဲ့သလို တက်ရောက်လာတဲ့ ဧည့်သည်တော်များကလည်း ပါဝင်ကကြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြည်နယ်ဧည့်ရိပ်သာမှာလည်း ကရင်နီလူငယ်အင်အားစုတွေနဲ့တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားအဖွဲ့အသီးသီးမှ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် ပြည်နယ်ခန်းမမှာလည်း လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ၆၈နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဗုဒ္ဓဥယျာဉ်မှာ ဂျပန် ချယ်ရီပန်းပင် အမှတ်တရ စိုက်ပျိုးခဲ့ပါတယ်။







