မူးယစ်ပြဿနာ ဖြေရှင်းရေး ရှမ်းအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

မူးယစ်ပြဿနာ ဖြေရှင်းရေး ရှမ်းအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေး သုံးစွဲမှု လျော့ကျစေရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ကမကထ ပြု၍ ပြည်တွင်းပြည်ပ ရှမ်းလူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲ ရလာဒ်များကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ လူမှုရေး ကဏ္ဍတွင် ထည့်သွင်းဆွေးနွေးကာ မူဝါဒ တစ်ရပ် ဖြစ်ပေါ်လာအောင် ကြိုးပမ်းသွားမည်ဟု RCSS က ပြောသည်။

ပြည်သူများအကြား တဖြည်းဖြည်းကြီးထွားလာနေသည့် ပြဿနာ ဖြေရှင်းရန် ခုလို ဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ကြောင်း RCSS မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန တာဝန်ခံ ဒု-ဗိုလ်မှူးကြီး စိုင်းဟန်က သတင်းနှင့် မီဒီယာ ကွန်ရက်ကို ပြောပြသည်။

ရှမ်းပြည်နယ်အတွင်း မူယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု များပြားလာခြင်းအား ဖြေရှင်းနိုင်ရန်အတွက် မူဝါဒတစ်ခုရရှိဆောင်ရွက်နိုင်ရေး ပြည်တွင်း ပြည်ပရှိ ရှမ်းလူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့သည်။

“ဒီ အိမ်ထောင်စု တစ်ခုအတွင်းမှာ ဒါမှမဟုတ် ဒီ ရပ်ထဲရွာထဲမှာ တကယ့် အကြီးကြီး ပြဿနာလို ဖြစ်နေပါတယ်။ သုံးစွဲသူတွေလည်း များပြားလာတယ်၊ မူးယစ်ဆေးဝါး ပြန့်နှံ့မှုကလည်း များနေတယ်၊” ဟု သတင်းမီဒီယာများကို ပြောဆိုသည်။

ဇန္နဝါရီလ ၁၃ ရက်မှစတင်သည့် သုံးရက်ကြာ ဆွေးနွေးပွဲအတွင်း ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပြဿနာ ဖြေရှင်းရေးအတွက် မူဝါဒ တစ်ရပ် ပေါ်ထွန်းစေရန် နှင့် သုံးစွဲသူများနှင့် ဘိန်းတောင်သူများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် အပါအဝင် နည်းလမ်းများကို ဆွေးနွေးအဖြေရှာခဲ့ကြသည်ဟု RCSS က ပြောသည်။

ဗိုလ်ကြီး စိုင်းပီးသည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ထိန်းချုပ်နယ်မြေအတွင်းဖြစ်သည့် မိုးနဲ၊ မောက်မယ်၊ မိုင်းကိုင်၊ မိုင်းပန်၊ လဲချား၊ ပင်လုံ၊ နမ့်စန် ဒေသများတွင် မူးယစ်ဆေးဝါး အသိပညာပေး နှင့် တားဆီးကာကွယ် နိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဖြစ်သည်။ သူက “ခပ်များများက စိတ်ကြွဆေးပြား ရာမ တွေ သုံးစွဲရောင်းဝယ်တာ ကြုံရတယ်၊ ဘိန်းဖြူ ဘိန်းမဲ လည်းပါတယ်။ အဲ့ဒီ သုံးမျိုးကတော့ ခပ်များများ ကြုံတယ်။” ဟု ပြောသည်။

RCSS သည် ၂၀၁၁ ခုနှစ် ကုန်ပိုင်း မြန်မာ့တပ်မတော်နှင့် ပဏာမ အပစ်အခတ်ရပ်စဲရေး စာချုပ်ချုုပ်ဆိုပြီးသည်မှ စ၍ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေး အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။ ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ရုံး UNODC တို့နှင့် မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ပူးတွဲ အကောင်အထည်ဖော်ရန် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်။

ဒုတိယ ဗိုလ်မှူးကြီး စိုင်းဟန် က မူးယစ်ဆေးဝါး ပြဿနာမှာ သက်ဆိုင်သူ အသီးသီး ပူးပေါင်းညှိုနှိုင်းဆောင်ရွက်မှ ဖြေရှင်းနိုင်မည်ဟု ပြောသည်။

“EAO နဲ့ အစိုးရ အကြား ဒါမှမဟုတ် သက်ဆိုင်ရာ ခုနပြောသလိုမျိုး ဘိန်းစိုက်တောင်သူတွေရော ဆိုင်ရာ ဆိုင်ရာ ဒါမှမဟုတ် ဒေသခံ အားလုံး CBO/CSO အားလုံး ပူးပေါင်းပါဝင်ပြီး လုပ်ဆောင်မယ် ဆိုရင်တော့ ပိုပြီးတော့ ထိရောက်မယ်လို့ မြင်ပါတယ်။”

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့တွင် တစ်ဖွဲ့ အပါအဝင် ဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...