အရည်အသွေးပြည့် ဒီမိုကရေစီစနစ်နဲ့ သွားနေပြီလား

အရည်အသွေးပြည့် ဒီမိုကရေစီစနစ်နဲ့ သွားနေပြီလား

ကျွန်တော်တို့နိုင်ငံဟာ အရည်အသွေးပြည့် ဒီမိုကရေစီစနစ်နဲ့သွားနေပြီလား၊ ဒါမှမဟုတ် တစ်ပိုင်းတစ်စ ဒီမိုကရေစီ(သို့)လုပ်ထုံးလုပ်နည်းသက်သက် ဒီမိုကရေစီ (သို့) ရွေးကောက်ပွဲသက်သက်ဒီမိုကရေစီ (သို့) အပေါ်ယံဟန်ပြ ဒီမိုကရေစီ (သို့) အတုအယောင် ဒီမိုကရေစီ (သို့)အားနည်းဒီမိုကရေစီ (သို့) တစ်စိတ်တစ်ပိုင်းဒီမိုကရစီ (သို့) မလွတ်မလပ်ဒီမိုကရေစီ (သို့) ယောင်ပြဒီမိုကရေစီနဲ့ ရှင်သန်နေတာလား၊ စဉ်းစားစရာပါ။

လက်ရှိ နိုင်ငံရေးအနေအထားကို ထောက်ရှုကြည့်ရင် အားနည်းဒီမိုကရေစီ (သို့) တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီလို့ သတ်မှတ်လို့ ရကောင်းနိုင်တယ်လို့ မြင်ပါတယ်။ ဗြောင်ကျကျအာဏာရှင်စနစ်လည်း မဟုတ်သလို၊ ခိုင်မာအားကောင်းတဲ့ လစ်ဘရယ်ဒီမိုကရေစီလည်း မဟုတ်ဘဲ၊ ကြားထဲမှာ ရောက်နေတယ်လို့ဆိုရင် ရမယ်ထင်ပါတယ်။ တစ်နည်းပြောမယ်ဆိုရင် အသွင်ကူးပြောင်းရေး အဆင့်မှာပဲ ရှိနေပါသေးတယ်။

ဘာ့ကြောင့်လဲဆိုတော့၊ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေကို ကောင်းကောင်းကိုယ်စား မပြုနိုင်သေးတာ၊ နိုင်ငံသားတွေက မဲပေးရုံထက်ကျော်လွန်ပြီး နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်မှု မရှိသေးတာ၊ အစိုးရအရာရှိတွေက ဥပဒေချိုးဖောက်မှုတွေ မကြာခဏ ကျူးလွန်နေသေးတာ၊ ရွေးကောက်ပွဲရလဒ်တွေက တရားဝင်မှု အားမကောင်းသေးတာ၊ နိုင်ငံတော် အဖွဲ့အစည်းတွေကို ပြည်သူတွေက အယုံအကြည် နည်းပါးနေတာ၊ နိုင်ငံတော်အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်မှု ဆက်တိုက်ညံ့ဖျင်းနေတာတွေကို တွေ့မြင်ခံစားနေရလို့ပါ။

သုံးသပ်ရမယ်ဆိုရင် နိုင်ငံရေးလွတ်လပ်ခွင့်တွေ တော်တော်များများရှိတယ်လို့ ထင်ရပါတယ်။ နောက်ပြီး ရွေးကောက်ပွဲတွေကိုလည်း ပုံမှန်ကျင်းပပေးပြီး မတူညီတဲ့ နိုင်ငံရေးအုပ်စုတွေကြားမှာ အာဏာလွှဲပြောင်းမှုတွေလည်း ရှိနေပါတယ်။ ဒါ အင်မတန်ကောင်းတဲ့အချက်လို့ ဆိုရပါလိမ့်မယ်။ သို့သော် ဒီမိုကရေစီဟာ နက်နက်ရှိုင်းရှိုင်း အမြစ်မတွယ်နိုင်သေးဘဲ ရေဆန်ခရီး ကူးခတ်နေရတုန်းလို့မြင်ပါတယ်။

နောက်ပြီးနိုင်ငံရေးမှာ သာမန်ပြည်သူတွေရဲ့ ပါဝင်ဆောင်ရွက်မှုက ရွေးကောက်ပွဲ ကျင်းပချိန်မှာ ကျယ်ပြန့်ပေမယ့် ရွေးကောက်ပွဲ ကျင်းပပြီးသွားချိန်မှာတော့ မရှိသလောက် နည်းသွားတာကိုလည်း တွေ့ရပါတယ်



အဓိက နိုင်ငံရေးပါတီကြီးတွေ၊ နိုင်ငံရေးအုပ်စုတွေရဲ့ ဦးဆောင်သူတွေ၊ ဝန်ထမ်းတွေက အကျင့်ပျက်လာဘ်စားမှုတွေ ရှိနေဦးမယ်၊ ကိုယ်ကျိုးကိုယ်သာကြည့်မယ်၊ မရိုးသားဘူး၊ စွမ်းဆောင်ရည်တွေ မရှိဘူး၊ တိုင်းပြည်အတွက် သေချာဂရုစိုက် လုပ်ကိုင်ဆောင်ရွက်မှုမရှိဘူးဆိုရင် ပိုဆိုးတဲ့ နိုင်ငံရေးစနစ်ကို ပြန်ရောက်သွားမှာ မလွဲပါဘူး။

အားနည်းချိနဲ့တဲ့ အစိုးရတစ်ရပ်မဖြစ်ရလေအောင် နိုင်ငံရေးအခင်းအကျင်းတွေ ဖန်တရာတေပြီး ငြီးငွေ့စရာမကောင်းအောင် လုပ်ဆောင်သွားမယ်၊ အကျင့်ဖျက်ဖောက်ပြန်မှုတွေ မရှိအောင်လုပ်မယ်၊ ပြည်သူလူထုရဲ့ ရိုသေလေးစားမှုကို ရအောင်ခံယူမယ်၊ စီးပွားရေးမှုဝါဒတွေကို သေချာကျနအောင် ပြန်လည်သုံးသပ်ပြင်ဆင်လို့ အကောင်အထည်ဖော်ဆောင်ရွက်ပြီး၊ ပြည်သူတွေရဲ့ စီးပွားဥစ္စာ ကြီးပွားတိုးတက်အောင် လုပ်ပေးမယ်၊ လူမှုရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ အားကောင်းအောင် လုပ်မယ်၊ ရာဇဝတ်မှုတိုက်ဖျက်ရေး၊ အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေး၊ ကျန်းမာရေးနဲ့ အများပြည်သူ ဝန်ဆောင်မှုလို အဓိကကျတဲ့ ပြဿနာတွေကို သေချာကိုင်တွယ်ဖြေရှင်းဖို့ လိုပါမယ်။

လာမယ့်ရွေးကောက်ပွဲဟာ ဒီမိုကရေစီပန်းတိုင် ရောက်အောင် အသွင်ကူးပြောင်းရာမှာ အခြေခံအုတ်မြစ်ဖြစ်ရုံသာမကဘဲ ရှေ့ဆက် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကိုပါ ဖော်ဆောင်ပေးနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်းတွေကို ပြင်ဆင်တည်ဆောက်မှုတွေ၊ နိုင်ငံတကာရဲ့ထိရောက်တဲ့ အကြံပေးထောက်ပံ့မှုတွေ၊ တရားစီရင်ရေး ဆိုင်ရာနဲ့ ဥပဒေပြုလွှတ်တော်ဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေဟာ၊ ဒီမိုကရေစီဖော်ဆောင်ရေး ဖြစ်စဉ်အတွက် အရေးကြီးလှကြောင်း မြစ်ကြီးနားသတင်းဂျာနယ်က ရေးသားအပ်ပါတယ်။

Most read this week

May 17, 2024
ပူတာအိုဒေသမှာ ဆန်တစ်ပုံး(၈ ပြည်) ကို ကျပ်တစ်သိန်း နဲ့ ဓာတ်ဆီ တစ်ပုလင်းကို ၇၀,၀၀၀ ကျပ် အထိ...
May 16, 2024
ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ကျောင်းဖွင့်လှစ်နိုင်ရေး...
May 15, 2024
မြစ်ကြီးနားအကျဉ်းထောင်နဲ့ မိတ္ထီလာအကျဉ်းထောင်က အကျဉ်းသားတွေအနေနဲ့ ရေကိုဝယ်ယူသုံးစွဲရနေရသလို...
May 13, 2024
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူ တရားခံတွေကို အမြန်ဆုံးဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူပေးဖို့နဲ့...