တပ်မတော်နှင့် BGF တပ်ဖွဲ့များ ဂျပန်ရေတွင်းမွန်တပ်တည်စခန်း ထိန်းချုပ်ထားသည့်ကိစ္စ ရတခနှင့် မွန်ပြည်သစ်ယနေ့တွေ့ဆုံမည်

တပ်မတော်နှင့် BGF တပ်ဖွဲ့များ ဂျပန်ရေတွင်းမွန်တပ်တည်စခန်း ထိန်းချုပ်ထားသည့်ကိစ္စ ရတခနှင့် မွန်ပြည်သစ်ယနေ့တွေ့ဆုံမည်
Photo- ဂျပန်ရေတွင်း မွန်တပ်တည်စခန်းနေရာ(MNA)
Photo- ဂျပန်ရေတွင်း မွန်တပ်တည်စခန်းနေရာ(MNA)

တပ်မတော်နှင့် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF တို့ လွန်ခဲ့သည့် ၅ ရက်ခန့်က ဝင်ရောက်ထိန်းချုပ်ထားသော ထိုင်းမြန်မာနယ် ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်းကျေးရွာ မွန် (NMSP) တပ်တည်စခန်းကိစ္စနှင့်ပတ်သက်၍ မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) ၌ ယနေ့(ဒီဇင်ဘာ ၂ ) ရက်နေ့တွင် တပ်မတော်နှင့် မွန်ပြည်သစ် နှစ်ဖက်တာဝန်ရှိပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးကြမည်ဟု သတင်းရရှိသည်။

မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်းနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှနှင့် ဒုတာဝန်ခံ နိုင်ဟံသာ ဗိန်ခိုင်းတို့ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှ သိရသည်။

မွန်ပြည်သစ်တပ်ဖွဲ့၊ မိသားစုဝင်များနှင့် မှီခိုသူများ သီးသန့်နေထိုင်နိုင်ရန် ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ပထမအကြိမ်အပစ်ရပ်သဘောတူညီချက်အရ ဂျပန်ရေတွင်းတပ်တည်စခန်းကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် Bilateral ဒုတိယအပစ်ရပ်သဘောတူညီချက်တွင်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ထပ်မံသဘောတူညီခွင့်ပြုထားသည့်နေရာ ဖြစ်သည်။

“ခွင့်ပြုချက်မရသေးဘဲနဲ့ ကျနော်တို့တပ်တည်စခန်းကို အပေါ်စီးကနေ အခုလိုအင်အားသုံးဝင်ရောက်လာတာဟာ NCA စာချုပ်ကို ဖောက်ဖျက်တာဖြစ်တယ်၊ ခွင့်ပြုချက်မရဘဲ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ စစ်ယူနီဖောင်းတွေ လက်နက်တွေနဲ့ ကျနော်တို့ စခန်းကိုအတင်းဝင်ရောက်လာရင် ကြိုတင်ပစ်မိန့်ပေးထားပြီးသားဖြစ်လို့ ကင်းစခန်းက စတင်ပစ်ခတ်လိုက်တာပါ” ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) အဖွဲဝင်ဖြစ်သူ မွန်ပြည်သစ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်လယီကောင်းက မွန်သတင်းအေဂျင်စီ အင်တာဗျူးတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ဂျပန်ရေတွင်းရွာသို့ဝင်ရောက်လာသော ထိုင်းမြန်မာနယ်စပ်ပြဿနာ သွားရောက်စစ်ဆေးမည့် နယ်ခြားကော်မတီဝင် တပ်မတော်အရာရှိများနှင့် လုံခြုံရေးယာဉ်တန်းအား မွန်ပြည်သစ်ကင်းစခန်းက စတင်ပစ်ခတ်သဖြင့် အရပ်သားစကားပြန်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အရှေ့တောင်တိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး မောင်မောင်လတ်က ပြောသည်။

ဗိုလ်မှူးကြီး မောင်မောင်လတ်က “ကျနော်တို့ နယ်ခြားပြဿနာဖြစ်တဲ့ နေရာတွေကို သွားကြည့်တဲ့အချိန်မှာ နယ်ခြားကော်မတီ အဖွဲ့တွေပေါ့။ အဖွဲ့တွေမှာ မွန်ပြည်သစ်ပါတီက ဆက်ဆံရေး နိုင်ပကောင်းထောလည်း အတူတူပါရဲ့သားနဲ့ကို သူတို့ဘာလို့ပစ်လဲဆိုတာတော့၊ ပစ်တယ်၊ ပစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က နယ်မြေရှင်းတယ်။ NCA ချိုးဖောက်တာပေါ့။ ပစ်သွားတာ ဂျပန်ရေတွင်းကိုး။ ဂျပန်ရေတွင်းမှာ ကျနေ်ာတို့ နယ်မြေရှင်းနေတာတော့ ရှိတယ်” ဟု ဆိုသည်။

အဆိုပါစတင်ပစ်ခတ်သူ မွန်စစ်သား ၃ ဦးကို ဥပဒေကြောင်းအရ ရဲစခန်း၌ တပ်မတော်ဘက်မှ အမှုဖွင့်တရားစွဲဆိုထားပြီး ၎င်းတို့ကိုအပ်နှံပေးရန် မွန်ပြည်သစ်ပါတီထံ တောင်းဆိုထားသည်ဟု သတင်းရရှိသည်။

အဆိုပါတိုက်ပွဲဖြစ်စဉ်ကြောင့် ဂျပန်ရေတွင်းရွာ၊ ကြံတောရွာနှင့် တပ်ရင်း ၃ ရွာသားများ ၅၀၀ ထက်မနည်း ထိုင်းနယ်မြေဘက်သို့ ထွက်ပြေကြပြီး နီးစပ်ရာဘုန်းတော်ကြီးကျောင်းများတွင် ဝင်ရောက်ခိုလှုံနေရဆဲဖြစ်သည်။

ထို့ပြင် ဂျပန်ရေတွင်းအနီးတဝိုက်တွင် တပ်မတော်နှင့် BGF တပ်ဖွဲ့တို့ ယနေ့ညနေပိုင်းက အင်အားပိုမိုတိုးချထားပြီး ညသန်းခေါင်အချိန်ခန့်တွင် သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများက ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

မွန်ပြည်သစ်တပ်ဖွဲ့၊ မိသားစုဝင်များနှင့် မှီခိုသူများ သီးသန့်နေထိုင်နိုင်ရန် ၁၉၉၅ ခုနှစ် နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ ပထမအကြိမ်အပစ်ရပ်သဘောတူညီချက်အရ ဂျပန်ရေတွင်းတပ်တည်စခန်းကို စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ပြည်နယ်အဆင့်/ပြည်ထောင်စုအဆင့် Bilateral ဒုတိယအပစ်ရပ်သဘောတူညီချက်တွင်လည်း နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ထပ်မံသဘောတူညီခွင့်ပြုထားသည့်နေရာ ဖြစ်သည်။

March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...