ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်လိုက်သည့် ရွှေ့ပြောင်းနေထိုင်သူများ မဲပေးခွင့် ကန့်သတ်ချက်သည် ဌာနေဒေသခံတိုင်းရင်းသားများ၏ အခွင့်အရေးများကို ဆုံးရှုံးစေနိုင်သည်ဟု ကချင်ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီတချို့ က ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများအား ရောက်ရှိနေထိုင်ရာ မဲဆန္ဒနယ်မြေတွင် ရက်ပိုင်း ၉၀ ဆက်တိုက် နေထိုင်ပါက မဲပေးခွင့်ပြုမည်ဟု ရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ လဆန်းပိုင်းက ကြေညာလိုက်ခြင်း ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ က “ဒါက ပြည်နယ်တွေတင်မဟုတ်ဘူး တိုင်းဒေသကြီးတွေနဲ့လည်း ပတ်သက်တယ်။ အားလုံးနဲ့ဆိုင်တယ်။ ကျနော် တို့ နိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်က မြို့နယ်ကို အခြေခံပြီးလုပ်တာလေ လူမျိုးကို အခြေခံတာ မဟုတ်ဘူး။ ရှင်းရှင်းလေးရယ်။ အဓိက နိုင်ငံရေး အနှစ်သာရဖော်ဆောင်တာက ဒေသခံနိုင်ငံသားတွေရဲ့ နိုင်ငံရေး ဆုံးဖြတ်ပိုင်ခွင့်ကိုဖော်ဆောင်တာ။ အဲ့တော့ ဒေသခံနိုင်ငံသားဆိုတာ အခုမှ ၆ လလောက် လာ နေတာ ၃ လလောက်လာနေတာနဲ့ ဒေသခံတွေရဲ့ နိုင်ငံရေးလွတ်လပ်စွာ ဆုံးဖြတ်ခွင့်ကို သူတို့ကလာပြီး အနှောက်အယှက်ပေးတာလေ” ဟု ပြောသည်။
ရွှေ့ပြောင်းလုပ်သားများနှင့် ယာယီရွှေ့ ပြောင်းနေထိုင်သူများအတွက် နိုင်ငံရေးအခွင့်အလမ်းကို ၎င်းတို့၏ မူရင်းဒေသတွင်သာ ပြန်လည်အကောင်အထည်ဖော်သင့်ကြောင်း၊ ခေတ္တရောက်ရှိနေသည့် ဒေသများ အတွက် နိုင်ငံရေးအဆုံးအဖြတ်များကို ပေးခိုင်းခြင်းမှာ ဒေသခံများ၏ နိုင်ငံရေးအခွင့်အလမ်းများကို စွက်ဖက်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း KNC ပါတီက နိုဝင်ဘာလ ဒုတိယအပတ်တုန်းက သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။
“ဒါက ဘယ်လိုမှ လက်ခံလို့မရဘူး။ ၆ လ ပဲ ဖြစ်ဖြစ်၊ ၃ လ ပဲ ဖြစ်ဖြစ် ဒီ ၁၈၀ ပဲ ဖြစ်ဖြစ် ၉၀ ပဲ ဖြစ်ဖြစ် ကျနော်တို့က လုံးဝလက်မခံနိုင်ဘူး။ အဲ့ဒါက အဝေးရောက်မဲပေးစနစ်ပဲ သူ့ဒေသပဲ သူပြန်သွားရမယ်။ နိုင်ငံတကာမှာလည်း အဲ့ဒီအတိုင်းပဲ သွားတယ်လေ။ အဝေးရောက်မဲစနစ်၊ ကြိုတင်မဲစနစ်နဲ့ပဲလေ။ သူ့ဒေသက သူ့ကိုယ်စားလှယ်ကို သူဆုံးဖြတ်ရမှာလေ။ ခနလေးလာနေတဲ့လူတွေက လာဆုံး ဖြတ် ပေးတယ်ဆိုတာ ဘယ်လိုဖြစ်ဖြစ် လက်ခံပေးလို့မရဘူး။” ဟု ဒေါက်တာ M ကောန်လ က ပြောသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ပတ်သက်၍ နည်းဥပေဒ ၁၀ တွင်ပါရှိသည့် “အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်းဆိုသည့် အချက်ကို “အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း” ဟု အစားထိုးသွားမည်ဟု အောက်တိုဘာလ ၃ ရက်နေ့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
နည်းဆုံး ရက်ပိုင်း ၁၈၀ ထက်မနည်းဆိုသည့် စကားရပ်ပဲဖြစ်ဖြစ်၊ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း ဆိုသည့် စကားရပ်ပဲဆိုဆို အဆိုပါ အချက်နှစ်ချက်လုံးသည် နိုင်ငံရေး နည်းလမ်းမှားနေကြောင်း၊ ထိုကဲ့သို့ိသို့ အကောင်အထည်ဖော်နေခြင်းမှာ မှားယွင်းနေကြောင်း ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီအချို့ က ထောက်ပြထားကြသည်။
တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ဥက္ကဋ္ဌ စိုင်းဌေးအောင် က “ဒီကိစ္စက ကျနော်တို့လည်း သဘောမတူပါဘူး။ ဘာကြောင့်လဲဆိုတော့ ရက် ၉၀ မပြောနဲ့ ရက်ပေါင်း ၁၈၀ တောင် မထားသင့်ပါဘူး။ တကယ်တော့ သူ့ဒေသသူမဲပေးကြပေါ့၊ ဗမာတွေကလည်း ကိုယ့်ဒေသကိုယ်ပြန်ပေး၊ ကျနော်တို့ တိုင်းရင်းသားတွေလည်း ကိုယ့်ဒေသမှာ ကိုယ်ပြန်ပေးကြပေါ့။ ဒါမှလည်း ကိုယ့်ဒေသမှာ ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ ထွက်လာမှာလေ။ မဟုတ်ရင်တော့ တခြားဒေသက လူတွေက ကိုယ်စားလှယ်တွေလာဖြစ်နေမှာလေနော်” ဟု ပြောသည်။
ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်နေဖြင့် အဆိုပါကိစ္စရပ်အား အလေးအနက်ထား ပြန်လည် စဉ်းစား သင့်သည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က ပြောသည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာက “သူတို့ပြောတာက ရက်ပေါင်း ၉၀ လာနေတဲ့လူတွေကို ယာယီအိမ်ထောင်စု ထုတ်ပေးမယ်၊ ပြီးရင် မဲပေးခွင့်ပေးမယ်ပေါ့၊ အဲ့ဒါက ကျနော် တို့ ပြည်နယ်သားတွေအတွက် နစ်နာဆုံးရှုံးမှုရှိတယ်။ ပြည်နယ်မှရှိတဲ့ ပြည်နယ်ကို ကိုယ်စားပြုမယ့် လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် အစရှိသဖြင့်ပေါ့ဗျာ အဲ့ဒါတွေကို ပြည်နယ်သားတွေကပဲ ရွေးချယ်သင့်တာ၊ ရပ်ဝေးကလူတွေ လာရွေးချယ်တာဆိုတာ သဘာဝမကျဘူး။ မမှန်ကန်ဘူး။ ဘာအကျိုးရှိမှာလဲ။ ရွေးကော်က သေချာပြန် စဉ်းစားသင့်တယ်” ဟု ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများ အနေဖြင့် ရောက်ရှိနေထိုင်ရာ မဲဆန္ဒနယ်မြေတွင် ရက်ပိုင်း ၉၀ ဆက်တိုက် နေထိုင်ပါက မဲပေးခွင့်ပြုမည်ဆိုသည့် နည်းဥပဒေသည် တိုင်းရင်းသားပြည်နယ်များအတွက်သာ နစ်နာ မှုရှိခြင်းမျိုးမဟုတ်ပဲ တိုင်းဒေသကြီးများအတွက်ပါ စိန်ခေါ်မှု တစ်ရပ်ဖြစ်သည်ဟု KNC ပါတီ က ထောက်ပြထားသည်။
“တိုင်းဒေသကြီးတွေဆိုရင်လည်း ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ မကွေးပေါ့ ဖွံ့ဖြိုးရေးစီမံကိန်းရှိတဲ့နေရာတိုင်းမှာပေါ့ တခြားစီမံကိန်းတွေကအစပေါ့ အဲ့ဒါအားလုံး မှာ ဒေသခံ မဟုတ်ဘူးလေ၊ အကုန်လုံးရွှေ့ပြောင်းပြီးမှ ဝင်ချလာကြတာ။ မကွေးတိုင်းအတွက် ရန်ကုန်တိုင်းက လူတွေလာဆုံးဖြတ်တာ၊ ရန်ကုန်တိုင်းအတွက် မန္တလေးတိုင်းကလူတွေ လာဆုံးဖြတ်တာ လက်ခံလားပေါ့။ ကျနော်တို့ပြောနေတာက ပြည်နယ်အတွက်ပဲ မဟုတ်ဘူး။ လက်ခံလို့ကိုမရဘူး” ဟု (KNC) ပါတီ ဥက္ကဋ္ဌ ဒေါက်တာ M ကောန်လ က ဆက်ပြောသည်။
ထို့ကဲ့သို့ တိုင်းရင်းသားများ၏ နိုင်ငံရေးအခွင့်အလမ်းများအား တားဆီးချုပ်နှောင်သည့် ၎င်းနည်း ဥပဒေ ပြင်ဆင်ချက်ကို ပြန်လည်စဉ်းစားသုံးသပ်သင့်သည့်အပြင် ရွှေ့ပြောင်းလုပ်သားများအား ကြိုတင်မဲစနစ်များ၊ နေရပ်ပြန်မဲပေးသည့် စနစ်များဖြင့်သာ တရားနည်းလမ်းကျကျ အကောင်အထည်ဖော်သင့်သည်ဟု ကချင်ပြည်နယ်အတွင်းက တိုင်းရင်းသားပါတီများက ပြောသည်။
သို့သော်လည်း “ကချင်ပြည်နယ်က ကချင်တွေလည်း ရန်ကုန်၊ မန္တလေးရောက်နေတယ်။ ဒီကိုလည်း တခြားကလူတွေရောက်နေတယ်။ ဆိုတော့ အဲ့မှာ မဲပေးခွင့်မရမှာကိုတော့ စိုးရိမ်တယ်။ နောက်ပြီး ဒေသခံတွေကို ဘယ်လိုသတ်မှတ်မှာလဲ၊ အဲ့ဒါတွေလည်း ရှိတယ်။ တနိုင်ငံလုံးမှာ ရွှေ့ပြောင်း နေထိုင်နေကြတာဆိုတော့ အခြေခံဥပဒေတွေကို သေချာရေးဆွဲပြီးမှပေါ့၊ ကျနော်တို့ နိုင်ငံရဲ့ အခြေအနေက ခက်တဲ့အတွက်ပေါ့ဗျာ။ ကျနော်တို့နိုင်ငံမှာက အခြေခံဥပဒေမှာ သေချာရေးဆွဲပြီးတော့ ပြည်နယ်ဥပဒေတွေ ထွက်လာရင်တော့ အဆင်ပြေလာနိုင်တယ်။ လောလောဆယ် မဲပေးခွင့်ဆုံးရှုံးသွားမှာကိုတော့ စိုးရိမ်တယ်” ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ဥက္ကဋ္ဌ ဦးရွှေမင်းက ပြောသည်။
အဆိုပါကိစ္စရပ်များအား ဖြေရှင်းနိုင်ရေး နိုင်ငံတကာက ရွေးကောက်ပွဲ ပုံစံများကို ပြန်လည်လေ့လာ ရန်လိုအပ်သည်ဟု ဆိုသည်။
ကချင်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားများနှင့် ယာယီပြောင်ေးရွှ့နေထိုင်သူများမှာ ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများတွင် ၃ သိန်းခန့်၊ တစ်သျှူးငှက်ပျော စီမံကိန်းများတွင် ၂ သိန်းခန့်၊ လမ်းတံတား ဆောက်လုပ်ရေးစီမံကိန်းများတွင် သောင်းကြီးပိုင်းခန့် ရှိနေသည်ဟု ကချင်ပါတီများက ပြောသည်။
၎င်းတို့မှာ ကချင်ပြည်နယ်အတွင်းရှိ သယံဇာတထွက်ရှိရာ ဖားကန့်နှင့် တနိုင်းဒေသများတွင်သာမက ပူတာအို၊ နောင်မွန်းဒေသများအပြင် ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက်၊ လွယ်ဂျယ် အစရှိသည့် ဒေသများအထိ အများအပြားရှိရောက်ရှိနေကြသည်ဟု ပြောသည်။







