ရေးမြို့နယ်ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်းစီမံကိန်း EIA ရှင်းလင်းပွဲ မကျင်းပဖြစ်

ရေးမြို့နယ်ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်းစီမံကိန်း EIA ရှင်းလင်းပွဲ မကျင်းပဖြစ်

အဂ္ဂနွန် — မွန်ပြည်နယ် ရေးမြို့နယ် ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်း (Offshore Supply Base) စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင် ဆန်းစစ်ခြင်း EIA ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို မူလစီစဉ်ထားသည့်အတိုင်း အံဒင်ကျေးရွာအုပ်စု ရွာသစ်ဓမင်းဆိပ်၌ ယနေ့နံနက်ပိုင်းတွင် မကျင်းပဖြစ်ကြောင်း တွေ့ရှိရသည်။

ဒေသခံများက “ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေး စခန်းအလိုမရှိ” စာတမ်းများကိုင်ဆောင်ပြီး ဓမင်းဆိပ်ရွာသစ် လမ်းတစ်ဖက်တစ်ချက်၌ မတ်တပ်ရပ်ဆန္ဒထုတ်ဖော်ပြသနေသည့်အတွက် မကျင်းပဖြစ်ကြောင်း  ထောက်ပံ့ရေးစခန်းကုမ္ပဏီအကျိုးဆောင် ကိုနိုင်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

သို့ရာတွင် အခမ်းအနားမကျင်းပဖြစ်သည့်အကြောင်းရင်းကို ဖိတ်ကြားထားသည့် ကုမ္ပဏီအား မွန်သတင်းအေဂျင်စီက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် လက်ခံဖြေကြားခြင်းမပြုပေ။

အဆိုပါ ကမ်းလွန်ပင်လယ်ပြင် ထောက်ပံ့ရေးစခန်းနှင့် ပတ်သက်၍ Environmental Impact Assessment (EIA) ဆောင်ရွက်ရန်အတွက် (Third Party) ဖြစ်သော See Trust Co.,Ltd. နှင့် Forever Thanlwin Co., Ltd. တို့ ယနေ့ နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီအချိန်တွင် အများပြည်သူတို့ကို ချပြဆွေးနွေးသွားမည်ဖြစ်ကြောင်း ဖိတ်စာများဝေငှသည့်အပြင် သတင်းစာတွင်လည်း ကြော်ငြာထားသည်။

တဖက်တွင်လည်း ရေးအနောက်ခြမ်းဒေသရှိ ဖာလိန်ဒေသမှ ဆရာတော်အမှူးပြု၍ ပတ်ဝန်းကျင်တဝိုက်ရှိ ကျေးရွာ ၈ ရွာတို့မှ သံယာတော်များ၊ ကျေးရွာအုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ လူငယ်များ လွန်ခဲ့သည့်ရက်ပိုင်းက ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး အဆိုပါ EIA ဆွေးနွေးပွဲကို အသိမှတ်ပြုမည်မဟုတ်ကြောင်း သတင်းဌာနများသို့ အသိပေးပြောကြားထားသည်။

အဆိုပါစီမံကိန်းများ တည်ဆောက်ဖြစ်ပါက အနီးတဝိုက်ရှိကျေးရွာများ ဖျက်သိမ်းခံရမည့်အပြင် ၎င်းတို့၏အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်များပါ ပျောက်ကွယ်လိမ့်မည်ဟုဒေသခံများ လက်ခံယုံကြည်ထားကြောင်း တွေ့ရှိရသည်။

အခမ်းအနားတွင်လူမရှိသည့်ပုံ (MNA)

May 22, 2026
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ဘုရားသုံးဆူ ကားလမ်းပိုင်းတွင် ဇမိမြစ်ရေ...
May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...