အရက်သောက်ပြီး ပိုက်ဆံမရှင်းဘဲ သေနတ်ပစ်ဖောက်သည့် BGF တပ်ဖွဲ့ဝင်နှစ်ဦးကို ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့ဝင်များဖမ်းဆီး

အရက်သောက်ပြီး ပိုက်ဆံမရှင်းဘဲ သေနတ်ပစ်ဖောက်သည့် BGF တပ်ဖွဲ့ဝင်နှစ်ဦးကို ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့ဝင်များဖမ်းဆီး
by -
(မင်းသူရိန်) ပေါင်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံကျေးရွာရှိ အရက်ဆိုင်တစ်ဆိုင်တွင် အရက်သောက်ပြီး ပိုက်ဆံမရှင်းဘဲ သေနတ်ဖောက်သည့် BGF တပ်ဖွဲ့ဝင်နှစ်ဦးကို ပြည်သူလူထုနှင့် ရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၉ ရက် နေလယ်ပိုင်းက ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်ရှိ မဟာဗောတိဘုရားရှေ့၌ ဖမ်းဆီးခဲ့ကြောင်း  ကျွဲခြံကျေးရွာအုပ်ချူပ်ရေးမှူး ဦးမြင့်အောင်က ပြောသည်။

“အရက်ဆိုင်ကို လာတယ် အရက်သောက်ပြီးတော့ ပိုက်ဆံမပေးဘူး၊ ထသောင်းကျန်းတယ်၊ ပြဿနာရှာပြီး အရက်ဆိုင်ကနေ ထွက်လာပြီးတော့ မိုးပေါ်ကို တစ်ယောက်က သေနတ်နှစ်ချက်ပစ်လိုက်တယ်၊  သေနတ်ပစ်တော့ နယ်ထိန်းကို ဖုန်းဆက်လိုက်တယ်၊ ခဏနေကျတော့ နယ်ထိန်းရောက်လာတယ်၊ နယ်ထိန်းကနေ တစ်ဆင့် မြို့မရဲစခန်း စခန်းမှူးကို ဖုန်းဆက်လိုက်တယ်၊ ၁၅ မိနစ်ကြာတော့ စခန်းမှူးနှင့်အဖွဲ့ရောက်လာတယ်၊ သူတို့ ကျည်အပြည့်ထိုးတဲ့အတွက် သူတို့ကိုဖမ်းဖို့အတွက် အန္တရာယ်ရှိလို့ သူတို့ရဲ့ မလှမ်းမကန်း မလှမ်းမကန်းလိုက်ကာ သူတို့က သေနတ်ကို တစ်လမ်းလုံး မိုးပေါ်ထောင်ဖောက်သွားတယ်”ဟု ကျွဲခြံအုပ်ချူပ်ရေးမှူး ဦးမြင့်အောင်က ဆိုသည်။

ကျွဲခြံကျေးရွာရှိ သုခိတာရုံဘုန်ကြီးကျောင်းမှာ ဆော့နေသော ကလေးများကိုလည်း ခြောက်လှန့်ပြီး သေနတ် နှစ်ချက်၊ သုံးချက် မိုးပေါ်ထောင်ပစ်ခိုင်းခဲ့ကြောင်း ၎င်းက ပြောသည်။

“သေနတ်ဖောက်တဲ့ အချက်ပေါင်း ၁၃ ချက်ရှိတယ်၊ ရွာခံတစ်ယောက်က ကျည်ကပ်ကုန်သွားတဲ့ တစ်ယောက်ကို ဝင်ပူးပြီး ဖမ်းလိုက်တယ်။ သူဖမ်းတယ်ဆိုတာနဲ့ ရွာသားတွေက ဝိုင်းပြီးဖမ်းလိုက်ကြတယ်၊ ကျန်တဲ့တစ်ယောက်က နတ်ကြီးချောင်ဘက်ကို ဆိုင်ကယ်နဲ့ထွက်သွားတယ်။ နတ်ကြီးချောင်ဘက်ကို ရွာသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထပ်လိုက်တယ်၊ မတွေ့လာခဲ့ဘူး၊ သူ့ဆရာကျန်နေလို့ သူ့ဆရာ မရောက်လာလို့ ဆိုင်ကယ်နဲ့ပြန်လှည့်လာတော့ မဟာဗောတိဘုရားရှေ့မှာ ရဲနဲ့ရွာခံတို့က ဝိုင်းပြီးဖမ်းလိုက်တယ်”ဟု ဦးမြင့်အောင်က ဆက်ပြောသည်။

သေနတ် ပစ်ဖောက်သည့် BGF တပ်ဖွဲ့ဝင်နှစ်ဦးထံမှ MA 13 သေနတ်တစ်လက်၊ လက်နက်ကျည်တောင့် တစ်ခု၊ ကျည်မပါ တစ်ခုနှင့် M 16 သေနတ်တစ်လက်၊ ကျည်ထောက် တစ်ခု၊ ကျည် ၁၇ တောင့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ပေါင်မြို့နယ်၊ မြို့မရဲစခန်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

သေနတ် ပစ်ဖောက်ခဲ့သူနှစ်ဦးမှာ BGF အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ရင်း၊ ကလိုင်ထိ မြို့နယ်ခွဲ၊ ကရင်ပြည်နယ်မှ ကိုယ်ပိုင်အမှတ် (၁၀၁၉၉၆) တပ်ကြပ်အဆင့်ရှိ လှထွန်းဆိုသူနှင့် ကိုယ်ပိုင်အမှတ် (၁၁၁၁၃၁) တပ်သားအဆင့်ရှိ အောင်ဇေလင်း (ခ) သာပိုတို့ ဖြစ်ပြီး ၎င်းတို့နှစ်ဦးနှင့် သေနတ်နှစ်လက်၊ ကျည်ဆံများကို BGF အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ် တပ်မှူးထံ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူးမှ ပြန်လည်အပ်နှံခဲ့သည်။

သေနတ် ပစ်ဖောက်သည့် BGF တပ်ဖွဲ့ဝင်နှစ်ဦးတို့သည် အောက်တိုဘာလ ၁၆ ရက်နေ့က ကရင်ပြည်နယ်၊ ကတိုင်ထိမှ ရတခ (မော်လမြိုင်) သို့ လေးလပတ်အစည်းအဝေးတက်ရောက်ရန် ၎င်းတို့၏ တပ်မှူးဖြစ်သော ဗိုလ်မှူးလှကြိုင် နှင့်အတူ လိုက်ပါခဲ့ကြောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စု၊ မုကျိကျေးရွာ အသိအိမ်တစ်အိမ်တွင် တည်းခိုနေထိုင်ရန် တပ်မှူးမှ နေရာချထားပေးပြီးနောက် ယခုလို ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပေါင်မြို့နယ်၊ မြို့မရဲစခန်းမှ သိရသည်။

March 9, 2026
မွန်ပြည်နယ်ရှိ ပြည်နယ်အဆင့် လူမှုကူညီရေးအသင်းများ ဘဏ်စာရင်းအတွင်း မတည်ငွေကျပ်သိန်း ၅၀၀...
March 7, 2026
“၂ နှစ်ပြည့်ရင် အိမ်ပြန်ခွင့်ရပြီ။ ၂ နှစ်ပြည့်တဲ့နေ့ကို စောင့်နေတာ” ဒါကတော့ မကြာခင်ကမှ...
March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...